စက်မှုဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 

နေပြည်တော်  ဇွန်  ၂၈

 

စက်မှုဝန်ကြီးဌာန၏   ၂၀၂၃   ခုနှစ်   မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင်     အဆိုပါဝန်ကြီး ဌာနအနီးရှိ  လျှိုပိတ်ဆည် အမှတ် (၉)၌ ကျင်းပသည်။

 

သစ်ပင်စိုက်ပျိုးပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ရတနာတန်းဝင်           ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

 

ထို့နောက်  ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများက သတ်မှတ်နေရာများ၌ ရတနာတန်း ဝင်ကျွန်းပင်များကို စိုက်ပျိုးကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများက သတ်မှတ်နေရာများ၌ ပျိုးပင်များ  စိုက်ပျိုးနေမှုကို    လိုက်လံကြည့်ရှုအားပေးကြပြီး   ပြည်ထောင်စုဝန်ကြီးက   မိမိတို့ရုံးပတ်ဝန်းကျင်မှ အစပြု၍  သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို  စိမ်းလန်းစိုပြည်အောင်ဆောင်ရွက်ရန်၊ ဤကောင်းမွန်သော အစဉ်အလာကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ကျင့်သုံးခြင်းဖြင့် ရာသီဥတုကို မျှတထိန်းသိမ်းနိုင်မည်ဖြစ်ပြီး   ကမ္ဘာကြီးပူနွေးမှုကို လျှော့ချနိုင်မည်ဖြစ်၍ အလေးထားဆောင်ရွက်ရန်၊ နောင်နှစ်များတွင်လည်း သစ်ပင်၊ သစ်တော နည်းပါးသည့် နေရာများသို့ ဆက်လက်တိုးချဲ့ စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးပြီးစီးမှုများကိုလည်း   မှတ်တမ်းထားရှိပြီး အပင်များရှင်သန်ကြီးထွားအောင် စနစ်တကျ ထိန်းသိမ်းပြုပြင် စောင့်ရှောက်သွားကြရန်၊ ဦးစီးဌာန၊    စက်မှုလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ စက်ရုံ၊ အလုပ်ရုံ၊ သင်တန်းကျောင်းများ၏ ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်ရေး အတွက် အရိပ်ရ လေကာပင်များ၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးကြရန် မှာကြားသည်။

 

ယနေ့ စက်မှုဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်   မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်တွင် ရတနာတန်းဝင်ကျွန်းပင် ၁၃၈ ပင်နှင့် ပိတောက်၊ မဟော်ဂနီ၊ ပျဉ်းကတိုး ၄၀၀ စုစုပေါင်း ပျိုးပင် ၅၃၈ ပင်ကို  စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သတင်းစဉ်