စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး

နေပြည်တော် ဇွန် ၂၁

 

စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်၊ စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ရုံးတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ပြီး စက်မှုဝန်ကြီးဌာနရှိ စက်ရုံမှူး များ၊ စိုက်ကွင်းစိုက်ခြံတာဝန်ခံများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန ဦးစီးမှူးများနျှင့် စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက Virtual စနစ်ဖြင့် တက်ရောက် ကြသည်။

 

ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် သက်ဆိုင်သော အသိအမြင်များ တိုးပွားလာမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် ယခုအခမ်းအနားမှရရှိမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည် မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင်ပါဝင်ကြရန် မိမိကစပြီး အဂတိ လိုက်စားမှုကို ငြင်းဆိုရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် ယခုလို ဟောပြောပွဲများမှ အသိအမြင်၊ ဗဟုသုတ၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးကျေးဇူးများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌတို့သည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးများက အဂတိလိုက်စားမှု၏ သဘော သဘာဝများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေး၍ အခမ်း အနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)