ဆစ်ဒနီ မေ ၂၉
ဩစတြေးလျနိုင်ငံ၌ မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် လောင်စာဆီဈေးမြင့်တက်မှုကြောင့် ခရီးသွားလာမှု အလေ့အထများ ကျယ်ကျယ်ပြန့်ပြန့်ပြောင်းလဲလာပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် ကွာဟချက်များနှင့် ငွေကြေးမညီမျှမှုကို ဖြစ်ပေါ်စေသည်ဟု မေ ၂၈ ရက် တွင် ထုတ်ပြန်သည့် လေ့လာမှုတစ်ခုအရ သိရသည်။
စက်သုံးဆီဈေးမြင့်တက်ပြီး လေးပတ်အကြာတွင် နိုင်ငံတစ်ဝန်းလူပေါင်း ၂၁၇၇ ဦးကို လေ့လာထားမှုအရ ဩစတြေးလျနိုင်ငံသား ၄၅ ရာခိုင်နှုန်းမှာ ၎င်းတို့၏ခရီးသွားလာပုံ သွားလာမှုများ ပြောင်းလဲခဲ့ပြီး ၃၇ ရာခိုင်နှုန်း မှာ သယ်ယူပို့ဆောင်ရေးနည်းလမ်းများကို ပြောင်းလဲရန်စီစဉ်နေကြောင်း ဩစတြေးလျနိုင်ငံ၏ မိုနက်ရှ် တက္ကသိုလ်က ထုတ်ပြန်သည့် လေ့လာမှုအရ သိရသည်။
ဝင်ငွေနည်းပါးသည့်အုပ်စုမှာ အချိုးအစား မညီမျှစွာခံစားရပြီး ၈၅ ရာခိုင်နှုန်းမှာ ငွေရေးကြေးရေးအခက်အခဲနှင့် ကြုံတွေ့နေရသည်။ ၅၆ ရာခိုင်နှုန်းမှာမူ ငွေရေးကြေးရေးအခက်အခဲအောက်တွင် ရှိမနေကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။
ယေဘုယျအားဖြင့် လူငါးဦးလျှင်တစ်ဦးမှာ ခြေလျင်ခရီးသွားကြပြီး ငါးဦးလျှင် နှစ်ဦးမှာ အလုံးစုံခရီးသွားလာမှုကို လျှော့ချလိုက်ကြောင်း ဖော်ပြထားသည်။ လေ့လာမှုအရ စက်သုံးဆီဈေးနှုန်းများ ကြီးမြင့်လာချိန် ကိုယ်တိုင် သွားလာလှုပ်ရှားရသည့် သယ်ယူ ပို့ဆောင်ရေးပုံစံများကို လူများပိုမိုလက်ခံလာကြသည်ဟု တွေ့ရှိရသည်။
၆၂ ရာခိုင်နှုန်းမှာ လမ်းလျှောက်သွားလာ ရခြင်းကို ပိုမိုလိုလားသည်။ ၃၅ ရာခိုင်နှုန်းမှာစက်ဘီးစီးခြင်းကို လိုလားပြီး ၂၇ ရာခိုင်နှုန်းမှာ လျှပ်စစ်စက်ဘီးကို ပိုမိုအသုံးပြုလိုကြောင်း တွေ့ရှိရသည်။
ဆင်ဟွာ


