စက်သုံးဆီဈေးနှုန်းမြင့်မားလာမှုက လူသားတွေရဲ့ နေ့စဉ်ဘဝ ရုန်းကုန်လှုပ်ရှားမှုကို အကြီးအကျယ် ထိခိုက်စေ

 

နေနှောင်းအိမ်

 

ကမ္ဘာတစ်ဝန်းမှာဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွမှု၊ စက်သုံးဆီ ဈေးနှုန်းမြင့်မားလာမှု၊ ကုန်ဈေးနှုန်းမြင့်မားလာမှုနဲ့ နေထိုင်မှုစရိတ်စက မြင့်မားလာမှုတို့ကြောင့် လူသားတွေအတွက် အခက်အခဲမျိုးစုံ ကြုံတွေ့ရာက ပြင်းထန်တဲ့ဆန္ဒပြမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း တစ်စတစ်စနဲ့ ဆန္ဒပြပွဲတွေဖြစ်ပေါ်လာရာကနေ ယခုနှစ်မှာ ကြီးမားတဲ့ ဆန္ဒပြပွဲတွေအထိ ပေါ်ပေါက်လာပါတယ်။

 

နေ့စဉ်ဘဝရုန်းကန်လှုပ်ရှားမှုကို အကြီးအကျယ်ထိခိုက်

 

အထူးသဖြင့် စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုက လူသားတွေရဲ့ နေ့စဉ်ဘဝရုန်းကန်လှုပ်ရှားမှုကို အကြီးအကျယ် ထိခိုက်စေပါတယ်။ ကိုယ်ရေး ကိုယ်တာတစ်ခုခုနဲ့ ခရီးသွားခြင်း၊ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခြင်း စတဲ့နေရာတွေမှာ ပိုပြီး သိသာထင်ရှားစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စက်သုံးဆီကို အများပြည်သူတွေတတ်နိုင်တဲ့ နှုန်းထားပမာဏနဲ့ ဝယ်ယူရရှိနိုင်ရန်အလို့ငှာ ကမ္ဘာတစ်ဝန်းက ဆန္ဒပြသူတဲ့သူတွေဟာ အပြောင်းအလဲလုပ်ဖို့ ဆန္ဒပြတောင်းဆိုနေတာ ဖြစ်ပါတယ်။

 

ဆန္ဒပြတဲ့သူတွေဟာ အကြမ်းဖက်တဲ့အသွင်ပြောင်းလာ

 

နောက်ပိုင်းမှာ ဆန္ဒပြတဲ့သူတွေဟာ အကြမ်းဖက်တဲ့ အသွင်ပြောင်းလာတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပစ်ခတ်ဖြိုခွဲခဲ့ရပါတယ်။ အဲဒီလို ပစ်ခတ်ဖြိုခွဲမှုကြောင့် အသက် ၁၆ နှစ်အရွယ် ခါဒီဂျာဆိုတဲ့ ကလေးငယ်တစ်ဦး သေဆုံးခဲ့မှုဖြစ်ပွားခဲ့ပါတယ်။ ခါဒီဂျာဆိုသူတစ်ယောက် ဆီယာရာ လီယွန်မြို့တော် ဖရီးတောင်းရဲ့ အရှေ့ဘက်ခြမ်းရှိ ၎င်းနေအိမ်ရဲ့ မီတာအနည်းငယ်အကွာမှ တစ်စတစ်စ များများလာတဲ ဆန္ဒပြလူအုပ်ကြီးကို ရက်ပေါင်းများစွာ စောင့်ကြည့်နေခဲ့တာပါ။

 

တစ်နေ့မှာ သူနာပြုလုပ်ဖို့ ရည်ရွယ်

 

ဩဂုတ် ၁၀ ရက်လောက်မှာ ဆန္ဒပြသူတွေဟာ အကြမ်းဖက်အသွင် ပြောင်းလဲလာခဲ့တာကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လူစုကွဲစေရန် ခြောက်လှန့်ပစ်ခတ်ရာမှ ခါဒီဂျာဆိုတဲ့ အမျိုးသမီးငယ် ကျည်ထိမှန်ပြီး မြေပြင်ပေါ်လဲကျကာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ခါဒီဂျာဆိုဟာ အလယ်တန်း ကျောင်းသူ တစ်ဦးဖြစ်ပြီး တစ်နေ့မှာ သူနာပြုလုပ်ဖို့ ရည်ရွယ်ထားသူပါ။

 

စက်သုံးဆီဈေးနှုန်း စံချိန်တင်မြင့်တက်လာခြင်းကြောင့်ဖြစ်

 

ခါဒီဂျာသေဆုံးမှုနဲ့ပတ်သက်ပြီး ၎င်းရဲ့ မိခင် ဖြစ်သူ မာရီယာဆီဆေးက လွန်စွာဝမ်းနည်းရပြီး ၎င်းကို မြေတောင်မြှောက်ပေးဖို့ အလွန်ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။ အခုတော့သူက ဆုံးသွားပါပြီ၊ အလွန်ကို နာကျင်ခံစားရပါတယ်လို့ ဆိုပါတယ်။ ဒီလိုအကြမ်းဖက်မှုကို အနောက် အာဖရိကနိုင်ငံငယ်လေးမှာ နှစ်အတန်ကြာအောင် မမြင်တွေ့ခဲ့ရကြောင်း၊ ယခုအကြိမ်ကတော့ စက်သုံးဆီဈေးနှုန်း စံချိန်တင် မြင့်တက်လာခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်တယ်လို့ ပြောပါတယ်။

 

စက်သုံးဆီဈေးနှုန်းနှစ်ဆနီးပါး မြင့်တက်လာ

 

ဩဂုတ်လအတွင်း မြို့တော်မှာ ပြင်းထန်တဲ့ ဆန္ဒပြမှုတွေကြောင့် ရဲအရာရှိ ငါးဦးအပါအဝင် စုစုပေါင်း ၂၅ ဦး သေဆုံးခဲ့ပါတယ်။ မတ်လနောက်ပိုင်း နိုင်ငံတွင်း စက်သုံးဆီတစ်လီတာဈေးနှုန်းဟာ နှစ်ဆနီးပါး မြင့်တက်လာပြီး လီယွန် ၁၂၀၀၀ (အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၆ ဒေါ်လာ) မှ စံချိန်တင် လီယွန် ၂၂၀၀၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၈ ဒေါ်လာ) အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

 

နောက်ပိုင်းမှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက နိုင်ငံတစ်ဝန်း ညမထွက်ရ အမိန့်ထုတ် ပြန်ကာ အကြမ်းဖက်မှုကို နှိမ်နင်းခဲ့ပါတယ်။ ဆန္ဒပြသူတွေ ဆက်သွယ်ခြင်းမှ တားဆီးရန်နှင့် နောက်တစ်ကြိမ် ဆန္ဒပြမှုမဖြစ်ပေါ်စေရန် အင်တာနက်ကွန်ရက်ကို ပိတ်ပင်ထားခဲ့ရပါတယ်။ သို့သော်လည်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ နေထိုင်မှုစရိတ်စက မြင့်တက်မှုကြောင့် ဆန္ဒပြမှုတွေ ပေါ်ပေါက်တာဟာ ဆီယာရာလီယွန် တစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတာပါ။

 

ဆန္ဒပြပွဲတွေ နိုင်ငံနဲ့ ဒေသပေါင်း  ၉၀ ကျော်အထိရှိ

 

အဲဒီလိုဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာ ယခုနှစ်မှာ နိုင်ငံနဲ့ဒေသပေါင်း ၉၀ ကျော်အထိ ရှိတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ အန္တာတိကတိုက်မှ လွဲ၍ လွန်ခဲ့သော ကိုးလအတွင်း စက်သုံးဆီကြောင့် ဆန္ဒပြပွဲတွေ ကင်းစင်တဲ့ တိုက်ကြီးတစ်ခုရှိမှ မရှိသေးကြောင်း နိုင်ငံတကာ သတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံဆိုရင် ၂၀၂၁ ခုနှစ်မှာ ဆန္ဒပြမှု ၁၉ ကြိမ်နှင့် နှိုင်းယှဉ်ကြည့်ရင် ယခုနှစ်မှာ စက်သုံး ဆီနဲ့ ပတ်သက်ပြီး အကြိမ် ၆၀၀ ကျော်အထိ ဆန္ဒ ပြမှုဖြစ်ပွားတယ်လို့ သိရပါတယ်။ အီတလီနိုင်ငံ ဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်နှစ်တာကာလနှင့် နှိုင်းယှဉ်ကြည့်ရင် ယခုနှစ် ပထမရှစ်လမှာ အကြိမ် ၂၀၀ ကျော်အထိ ရှိခဲ့ပါတယ်။

 

ဝယ်လိုအားကို လိုက်မီရန် ရုန်းကန်ကြရ

 

အီကွေဒေါနိုင်ငံကိုကြည့်ရင်လည်း စက်သုံးဆီနဲ့ ပတ်သက်ပြီး ဇွန်လတစ်လတည်းမှာကိုပဲ အကြိမ် ၁၀၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ စီးပွားရေးလုပ်ငန်းအများစု ယာယီပိတ်ထားရပြီး စွမ်းအင်လိုအပ်ချက် ပြိုလဲသွားတဲ့အတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုအစပိုင်းမှာ ရေနံစိမ်းဈေးကချိုတယ်။ ဒါပေမယ့် ပုံမှန်အတိုင်း ပြန်ဖြစ်လာတာနဲ့အမျှ စွမ်းအင်လိုအပ်ချက် မြင့်မားလာပြီး ပေးသွင်းသူတွေက ဈေးနှုန်းတက်သွားတဲ့ ဝယ်လိုအားကို လိုက်မီရန် ရုန်းကန်ကြရတယ်။

 

အမေရိကန်ဒေါ်လာဟာ တရုတ် ယွမ်၊ ဂျပန် ယန်းစတဲ့ ငွေကြေးတွေထက် တစ်ချိန်လုံး မြင့်မားနေတာကြောင့် စက်သုံးဆီဝယ်ယူရာမှာ အမေရိကန်ဒေါ်လာနဲ့ ဝယ်ယူကြရပါတယ်။ ဒါကြောင့် ပြည်တွင်းသုံး ငွေကြေးက ဒေါ်လာနဲ့ယှဉ်ရင် စက်သုံးဆီကို ဈေးကြီးပေးဝယ်ရခြင်း ဖြစ်ပါတယ်။

 

mdn

 

သီရိလင်္ကာနိုင်ငံက အထင်ရှားဆုံးဖြစ်

 

က်သုံးဆီဈေးနှုန်း မတည်ငြိမ်မှုကြောင့် ဂယက်ထနေတဲ့ နိုင်ငံနဲ့ ဒေသပေါင်း ၉၂ ခုနက် သီရိလင်္ကာ နိုင်ငံကတော့ အထင်ရှားဆုံးလို့ ဆိုရမှာဖြစ်ပြီး သမ္မတဟောင်း ဂိုတာဘယာ ရာဂျာပတ်ခ်ဆာ နိုင်ငံ မှထွက်ပြေးရတဲ့အထိ နိုင်ငံအတွင်း အစုလိုက်အပြုံလိုက် ဆန္ဒပြမှုတွေဖြစ်ပွားခဲ့တဲ့အတွက် ယခု နှစ်အစောပိုင်း နိုင်ငံတကာ သတင်းခေါင်းစီးပိုင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ ဒါ့အပြင် စက်သုံးဆီဈေးနှုန်း၊ စားနပ်ရိက္ခာနဲ့ မရှိမဖြစ်ဆေးဝါးတွေ ဆက်တိုက် မြင့်တက်လာကြောင့် သီရိလင်္ကာနိုင်ငံသားတွေအနေနဲ့ စီးပွားရေးအကျပ်အတည်းကို ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

 

နေထိုင်မှုစရိတ်စက မြင့်တက်ပေမယ့် ဝင်ငွေကတော့ ပြောင်းလဲမလာ

 

မြို့တော်ကိုလံဘိုရှိ ဆင်ခြေဖုံးတွင် ဟင်းသီး ဟင်းရွက်ရောင်းတဲ့ အသက် ၄၈ နှစ်အရွယ် ဝင်မလာ ဒစ်ဆမ်နေယာကာက ၎င်းရဲ့မိသားစုဟာ တစ်နေ့လုပ်မှ တစ်နေ့စားရကြောင်း၊ ကုန်ဈေးနှုန်းတွေက ခေါင်ခိုက်မြင့်တက်နေကြောင်း၊ နေထိုင်မှုစရိတ်စကတွေ မြင့်တက်နေပေမယ့် ဝင်ငွေကတော့ ပြောင်းလဲမလာကြောင်း ပြောပါတယ်။ ဒါ့အပြင် ၎င်းမှာ ကလေးသုံးဦးရှိပြီး ဘတ်စ်ကားခတွေ သိသိသာသာ မြင့်တက်လာတာကြောင့် ကလေးတစ်ယောက် ကျောင်းကိုသွားဖို့ ရူပီး ၁၀၀ ကုန်ကျ ကြောင်း၊ သုံးယောက်အတွက် တစ်ရက်ကို အသွား အပြန် ရူပီး ၆၀၀ ကုန်ကျကြောင်း ပြောပါတယ်။

 

ကိုးကား - news/world-63185186