စက်သုံးဆီများ လက်ကျန်လျော့နည်းနေသည် ဆိုသည့် ကောလာဟလ သတင်းအမှားများအပေါ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန ဖြေကြားချက်

ဧပြီ ၁၉

 

လူမှုကွန်ရက် မီဒီယာများတွင် ပြန့်နှံ့နေသော “သီလဝါဆီသိုလှောင်ကန် စခန်းများအတွင်း စက်သုံးဆီများ လက်ကျန်လျော့နည်းနေသည်” ဆိုသည့် ကောလာဟလ သတင်းအမှားများ ထွက်ပေါ်နေတာတွေ့ရှိရကြောင်း၊ ယနေ့ သီလဝါသိုလှောင်ကန်စခန်းများ အပါအဝင် ပြည်တွင်း ဆီလက်ကျန် အခြေအနေမှာ ဓါတ်ဆီအနေဖြင့် ဂါလန်သန်းပေါင်း (၄၅)သန်းခန့်နှင့် ဒီဇယ်ဆီဂါလန်သန်းပေါင်း (၇၀) သန်းခန့် ရှိပါကြောင်း၊ လက်ရှိ ဆိပ်ကမ်းတွင်ရောက်ရှိပြီး မဟာသင်္ကြန်ပိတ်ရက်ကြောင့် ဆီမချရသေးသည့် သင်္ဘော (၂)စီး ရှိပါကြောင်း၊ ဒါ့ကြောင့် ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှု လုံးဝမဖြစ်ပေါ်နိုင်ကြောင်း အရင်ပြောကြားလိုပါကြောင်း။

 

ဒါ့အပြင် လူမှုကွန်ရက်များတွင် ပြန့်နှံ့နေသလို တရုတ်ပြည်ကနေ သီရိလင်္ကာနိုင်ငံမှတစ်ဆင့် ကြားခံပြီး တင်သွင်းနေရတယ်ဆိုတာ မဟုတ်ပါကြောင်း၊ ပြည်တွင်းသို့ စက်သုံးဆီများကို စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံများက အဓိက တင်သွင်းနေခြင်းဖြစ်ပါကြောင်း။

 

စက်သုံးဆီ လက်လီအရောင်းဆိုင်များအနေဖြင့် ဌာနသို့ ခွင့်ပြုချက်တောင်းခံပြီး ဆိုင်ပြင်ဆင် တည်ဆောက်နေသည့် ဆိုင်များကလွဲလို့ ပိတ်သိမ်းထားသည့်ဆိုင်များ မရှိပါကြောင်း၊ မိဘပြည်သူများအနေဖြင့် ကောလာဟလ သတင်းများကြောင့် စိုးရိမ်စိတ်လွန်ကဲပြီး အလုအယက်ဝယ်ယူမှုများကြောင့် အရောင်းဆိုင်များအနေဖြင့် အခြေခံအဆောက်အဦနှင့် ဝန်ထမ်းအင်အား အခြေအနေတို့အရ ယခုလို မနိုင်မနင်းများ ဖြစ်ပေါ်လာရခြင်းဖြစ်ပါကြောင်း။

 

ယခုတွင် အချိန်နှင့်တစ်ပြေးညီ မိမိတို့ဌာနအနေဖြင့် သက်ဆိုင်ရာကော်မတီ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်း MPTA တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေပြီး မကြာခင်အချိန်တွင် ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါကြောင်း။ စက်သုံးဆီ အရောင်းဆိုင်လုပ်ငန်းရှင်များ အနေဖြင့်လည်း ၎င်းတို့အနေဖြင့် ပုံမှန်ပြန်လည် ရောင်းချမည်ဖြစ်ပါကြောင်း မကြာခင်တွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါကြောင်း။

 

မိမိတို့ဌာနအနေဖြင့် ဖြစ်သင့်သည့် ရည်ညွှန်းဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပြီး အရည်အသွေး အခြင်အတွယ် မှန်ကန်စွာဖြင့် လွတ်လပ်၍ မျှတသော ဈေးကွက်ယှဉ်ပြိုင်မှုအတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ပြည်သူများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက်၊ နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြုံရေး အာမခံချက်ရှိစေရန်၊ စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားထားသည်။

 

မြန်မာဒစ်ဂျစ်တယ်သတင်း