စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရေးနှင့် ဆီပြတ်လပ်မှုမရှိရေး ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေး

ကျောင်းကုန်း ဩဂုတ် ၁၅

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိရေးအတွက် ဩဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက စက်သုံးဆီဆိုင်ကြီးများအား ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးခဲ့ကြသည်။

 

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအနေဖြင့် စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်စစ်ဆေးရေး ကော်မတီမှတစ်ဆင့် ပြည်သူများ စက်သုံးဆီဈေးနှုန်း မှန်ကန်စွာသုံးစွဲနိုင်ရေးနှင့် စက်သုံးဆီပြတ်လပ်မှု မရှိစေရေးအတွက် ဖြည့်တင်းမှုများ ကြပ်မတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ စက်သုံးဆီဆိုင်ကြီးများအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါပူးပေါင်းအဖွဲ့တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် မော်တော်ယာဉ်စနစ်တကျ ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးကော်မတီ၊ မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ် သစ်တောဦးစီးဌာနများမှ တာဝန်ခံများနှင့်အတူ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ရာ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချသွားမည်ဖြစ်ပြီး စက်သုံးဆီများ ပြတ်လပ်မှုမရှိနိုင်ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)