စက်တင်ဘာနှင့် အောက်တိုဘာတွင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း နိုင်ငံတကာခြေစမ်းပွဲများကစားမည်

၂၅ ဇူလိုင် 

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် စက်တင်ဘာနှင့် အောက်တိုဘာတွင် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 
                      
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအတွက် ဇူလိုင် ၁ ရက်မှစ၍ လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး လေ့ကျင့်မှု တစ်လမပြည့်သေးမီမှာပင် နိုင်ငံတကာ ခြေစမ်းပွဲတစ်ပွဲကစားထားကာ စက်တင်ဘာနှင့် အောက်တိုဘာတွင် နိုင်ငံတကာခြေစမ်းပွဲများ ဆက်တိုက်ကစားရန် စီစဉ်ထားခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် အာရှထိပ်သီးအသင်းများနှင့် တွေ့ဆုံနေသောကြောင့် ပြင်ဆင်မှုအပိုင်းကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေခြင်းဖြစ်ပြီး စက်တင်ဘာတွင် နိုင်ငံတကာ ခြေစမ်းပွဲအချို့ကစားကာ အောက်တိုဘာတွင် ပြည်ပလေ့ကျင့်ရေးခရီးစဉ် သွားရောက်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဇူလိုင် ၁၃ ရက်က စင်ကာပူ လက်ရွေးစင်အသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်းကစားခဲ့ရာ ငါးဂိုးပြတ်အနိုင်ရခဲ့ပြီး သြဂုတ်လကုန်အထိ ပြည်တွင်းခြေစမ်းပွဲများသာ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ခြေစစ်ပွဲများအဆင့်ဆင့်ကစားကာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပထမအဆင့်ခြေစစ်ပွဲမတိုင်မီက ခြေစွမ်းအရ သာမန်သာရှိခဲ့သော်လည်း နည်းပြချုပ် ဒေါ်သက်သက်ဝင်း၏ သင်ကြားမှုအောက်တွင် တဖြည်းဖြည်းတိုးတက်လာပြီး ပထမအဆင့်ခြေစစ်ပွဲ၊ ဒုတိယအဆင့်ခြေစစ်ပွဲများ အောင်မြင်ကာ နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ 
                     
နောက်ဆုံးအဆင့်ပွဲစဉ်များကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ခ) တွင် လက်ရှိချန်ပီယံဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့နှင့် ကျရောက်နေသည်။ 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်