စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် သီတင်းကျွတ်ပွဲတော်အတွက် ကလေးကစားစရာ ရောင်စုံအရုပ်မီးပုံးများ ပြုလုပ်ရောင်းချ၍ မိသားစုဝင်ငွေတိုး

စလင်း ၃ အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် မြန်မာ့ရိုးရာ လက်လုပ်ရောင်စုံ အရုပ်မီးပုံးများပြုလုပ်ရောင်းချပြီး မိသားစုဝင်ငွေ တိုးပွားလျက်ရှိကြောင်း ကစားစရာအရုပ်မီးပုံး ပြုလုပ်ရောင်းချနေသူများထံမှ သိရသည်။        

 

ကလေးကစားစရာ အရုပ်မီးပုံး ပြုလုပ်ရောင်းချနေသူ စလင်းမြို့၊ မြင်တင်ရပ်ကွက်မှ ဉီးအောင်မင်းက "လိုအပ်တဲ့ဝါးကို ကြိုတင်စုဆောင်းထားတာပါ။ ဝါးကတော့ မနုမရင့်ပေါ့။ ဝါးကိုအချောသတ်ပြီး မိမိလိုချင်တဲ့ ပုံစံရအောင် အဆင့်ဆင့်ချိုးပြီး ကော်သုတ်ထားတဲ့ အဝတ်ကြိုးနဲ့ချည်ပြီး အကြမ်းထည်ပြုလုပ်ရပါတယ်။ နောက် ရောင်စုံမီးကြာစက္ကူကပ်ပြီး ဆေးရောင်အလှခြယ်တာပါ။ အခုက ယုန်ရုပ်၊ ဆင်ရုပ်၊ ဒေါင်းရုပ်၊ လေယျဉ်ပျံရုပ်၊ ကားရုပ်၊ တစ်ထပ် နှစ်ထပ် သုံးထပ်သင်္ဘောရုပ် ပြီးတော့ အိမ်မှာအလှချိတ် မီးပုံး စသဖြင့်ပြုလုပ်ပြီး ယုန်ရုပ်အသေးတစ်ခုကို ကျပ် ၅၀၀ ကနေ တစ်ထပ်နှစ်ထပ် သုံးထပ်သင်္ဘောရုပ်အထိ ကျပ် ၂၅၀၀ ဖြင့် ရောင်းချရပါတယ်။  အရုပ်အကြီးအသေး ပေါ်မူတည်ပြီး စေျးနှုန်းကွာမှုလည်း ရှိတယ်။ လူစည်ကားရာနေရာများမှာ ရောင်းချရင်  တစ်နေ့ ကျပ်နှစ်သောင်းခွဲမှ သုံးသောင်းဘိုးအထိ ရောင်းချရတယ်"ဟု ပြောသည်။ စျေးကွက်တွင် တရုတ်မီးပုံး ကလေးကစားစရာများရှိသော်လည်း ဒေသအနေဖြင့် မြန်မာ့ရိုးရာ လက်လုပ်ကစားစရာ အရုပ်မီးပုံးများကိုသာ နှစ်သက်သ‌ဘောကျ ဝယ်ယူကြကြောင်း သိရသည်။

 

သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာ့ရိုးရာဓလေ့ ၁၂ လရာသီပွဲတော်များအနက် တစ်ခုဖြစ်ပြီး နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်၊ လပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့ထိ သုံးရက်တိုင်တိုင်ကျင်းပရာ ပွဲတော်ကာလအတွင်း အမိအဖ၊ ဘိုးဘွားများအား ကန့်တောခြင်း၊ ဘုရား၊ စေတီ၊ ကျောင်းကန်များနှင့် မိမိတို့၏နေအိမ် အဆောက်အဉီများတွင် ဆီးမီးထွန်းညှိ ပူဇော်ကြသော မြန်မာတို့၏ ချစ်စရာဓလေ့ မီးထွန်းပွဲတော်တစ်ခုလည်းဖြစ်သည်။

 

စိုးမိုးသူ(စလင်း)