စလင်းမြို့နယ်အတွင်း ရေဝင်ရောက်မှုရှိခဲ့သည့် အခြေခံပညာကျောင်းများအား စုပေါင်းသန့်ရှင်းဆောင်ရွက်

စလင်း မေ ၂၀

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စလင်းချောင်းရေမြင့်တက် ရေကြီးရေလျှံဖြစ်ပွားခဲ့မှုကြောင့် ဆင်ဖြူကျွန်းမြို့သာတန်းရပ် အခြေခံပညာမူလတန်းကျောင်းနှင့် သရက်ချဉ်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းများအတွင်းမှ အမှိုက်သရိုက်များနှင့် စာသင်ခန်းများအတွင်း သဲနှုန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယနေ့ နံနက် ၈ နာရီခွဲက စုပေါင်းရှင်းလင်း ဆောင်ရွက်ကြကြောင်း သိရှိရသည်။

 

စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ပေါ်နှင့် ရပ်ကွက်များအတွင်းနှင့် ကျေးရွာများ၊ အခြေခံပညာကျောင်းများအတွင်းသို့ စလင်းချောင်းရေ မြင့်တက်မှုကြောင့် မေ ၁၄ ရက် ညနေ ၅ နာရီမှစတင်ကာ ချောင်းရေများဝင်ရောက်မှုကြောင့် လူနေအိမ်များနှင့် စာသင်ကျောင်းများအပါအဝင် ရေဝင်ရောက်မှုများစွာ ဖြစ်ပေါ်ခဲ့ကာ ကျောင့်ဖွင့်ချိန်အမီ အခြေခံပညာကျောင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ကြစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင် ဦးဆောင်၍ ဗိုလ်မှူး ထင်လင်းအောင်နှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ မြို့နယ် စလင်း၊ ဆင်ဖြူကျွန်း မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မီးသတ်ရေယာဉ် (၂)စီး၊ စည်ပင်သာယာရေးအဖွဲ့ ရေသယ်ယာဉ် (၁)စီး၊ အမှိုက်သိမ်းယာဉ် (၁)စီးတို့ဖြင့် စုပေါင်းသန့်ရှင်း ဆောင်ရွက်ကြကြောင်း သိရှိရသည်။

 

စလင်းမြို့နယ်(ပြန်/ဆက်)