စလင်းမြို့နယ်၌ စားသုံးရန်မသင့်သောအစားအစာများ စျေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

စလင်း  စက်တင်ဘာ  ၁၇

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ စားသုံးရန်မသင့်သောအစားအစာများ စျေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး စက်တင်ဘာ ၁၆ ရက်က ဆင်ဖြူကျွန်းမြို့မစျေး အတွင်းအပြင်ရှိ မုန့်ဆိုင်၊ ကုန်စုံဆိုင်များတွင် စည်ပင်သာယာစျေးဝန်ထမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုက်ညီမှုမရှိသော (117) အမှတ်တံဆိပ်ပါ သစ်သီးယိုစုံ (Benzoic Acid Sodium Cyclamate) သတ်မှတ်ပမာဏထက်ကျော်လွန်သော သစ်သီးယိုစုံများ စျေးကွက်အတွင်း ရောင်းချမှုမရှိစေရေး စစ်ဆေးခြင်း၊  ကျန်းမာရေးညွှန်ကြားချက်များနှင့် မညီညွတ်သည့် ကုန်ပစ္စည်းများ၊ အစားအသောက်များ သတ်မှတ်ပမာဏထက် ကျော်လွန်အသုံးပြုသည့် ဓာတုဆေးဝါးများပါရှိသည့် အစားအသောက်များ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းတွေ့ရှိပါက ဥပဒေများနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း စျေးရောင်းချသူများအား တာဝန်ရှိသူများက အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

 

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူအများ၏ ကျန်းမာရေးထိခိုက်မှုမရှိစေရန် စျေးကွက်အတွင်း စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမရှိစေရေးတို့ကို စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်လွင်(စလင်း)