စလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေး လှုံ့ဆော်ရေးဆိုင်းဘုတ် စိုက်ထူ

စလင်း ဇွန် ၁၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပေါင်းနားရပ်ကွက် မင်းဘူးစလင်းသွား ကားလမ်းမပေါ် မီးပွိုင့်လမ်းဆုံရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပသည်။

ဦးစွာ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး မိုးဝေယံမြင့်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်သူ၊ စီမံအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်အေး၊ အဖွဲ့ဝင် ဦးစိန်လင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ စလင်းမြို့နယ် ဦးစီးမှူး ဦးတင်အေးနှင့် ဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လမ်းခရီးသွားပြည်သူများကို ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အသိပညာပေး လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေခဲ့ကြသည်။

အဆိုပါ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်း၏ ရည်ရွယ်ချက်များမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန စလင်းမြို့နယ်ရုံးအနေဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁)ရက်မှ (၁၅)ရက်အထိ ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နိုင်ရေးအတွက် အကြိုလှုပ်ရှားမှုတစ်ရပ်အနေဖြင့် ယခုကဲ့သို့ ပိုစတာစိုက်ထူခြင်းဖြစ်ကြောင်း စလင်းမြို့နယ်ဦးစီးမှူး ဦးတင်အေးထံမှ သိရသည်။

(မောင်လွင်)စလင်း