စလင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်

စလင်း၊ ဇန်နဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ ပေါင်းနားရပ်ကွက်၊ ပြည်သူ့ဆေးရုံဝိုင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီခွဲက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအောက်ဆီဂျင်စက်ရုံဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးအဖွဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာလူကြီးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အောက်ဆီဂျင်စက်ရုံအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်က အောက်ဆီဂျင်စက်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပြီးနောက် အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ 

စလင်းမြို့နယ် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် မြို့မိမြို့ဖများ၏ ထည့်ဝင်လှူဒါန်းငွေ ကျပ်သိန်း ၃၅၀ ဖြင့် တည်ဆောက်ပြီးစီးခဲ့ပြီး အောက်ဆီဂျင်စက်ကြီးအား တိုင်းဒေသကြီးအစိုးရ၏ ပံ့ပိုးကူညီမှု ကျပ်သိန်း ၁၀၀၀ အကုန်အကျခံကာ တရုတ်နိုင်ငံမှ မှာယူ၍ ပြည်သူလူထုအတွက် တည်ဆောက်ပေးခြင်း ဖြစ်သည်။ အဆိုပါ အောက်ဆီဂျင်စက်ရုံသို့ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးကြီး ၃၅ လုံး လှူဒါန်းပံ့ပိုး၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)