Cloud အခြေခံအဆောက်အအုံတွေနဲ့ ကေဘယ်လိုင်းသစ်တွေ ဂူဂဲလ်ချဲ့ထွင်

၁၆ ဇန်နဝါရီ

အယ်လ်ဖာဘတ် ကုမ္ပဏီအုပ်စုကြီးဖြစ်တဲ့ ဂူဂဲလ်ဟာ Cloud အသုံးပြုတွေအတွက် ယင်းရဲ့ အခြေခံအဆောက်အအုံတွေ ချဲ့ထွင်တဲ့အနေနဲ့ ဒေသသစ်ငါးခု ထပ်ပေါင်းပြီး  ရေအောက်ကေဘယ်လိုင်းသစ် သုံးခုကို တည်ဆောက်သွားမယ်လို့ အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့ သုံးနှစ်ကျော်အတွင်း အခြေခံအဆောက်အအုံကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ရင်းနှီးမြှပ်နှံခဲ့ပြီး ၂၀၁၈ ခုနှစ် ပထမလေးလပတ်အတွင်း မွန်ထရီရယ်နဲ့ နယ်သာလန်ဒေသတွေမှာ အဆောက်အအုံတွေကို ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ ဟောင်ကောင်၊ ဖင်လန်နဲ့ လော့စ်အိန်ဂျလိစ်တို့၌ ဆက်လက်ချဲ့ထွင်သွားမှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွက် ပင်လယ်ကြမ်းပြင်အောက် ကေဘယ်လိုင်းသုံးခုကိုလည်း ဆောင်ရွက်သွားဖို့ ဂူဂဲလ်က စီစဉ်ထားကြောင်း အင်တာနက်ကုမ္ပဏီကြီးရဲ့ ဘလော့မှာ ရေးသားထားပါတယ်။ ပင်လယ်ကြမ်းပြင်အောက် ကေဘယ်လိုင်းတွေမှာ ချီလီကနေ လော့စ်အိန်ဂျလိစ်ကို ဆက်သွယ်ထားတဲ့ ကျူရီ သီးသန့်ကေဘယ်လိုင်း တစ်လိုင်း၊ အမေရိကန်ပြည်ထောင်စုကနေ ဒိန်းမတ်နဲ့ အိုင်ယာလန်တို့ကို ဆက်သွယ်ထားတဲ့ ဟတ်ဖရူခေါ် ပူးတွဲကေဘယ်လိုင်းနဲ့ အာရှမှာ ပင်လယ်ကြမ်းပြင်အောက် အဓိက ဆက်သွယ်ရေးအဖြစ် ဟောင်ကောင်-ဂူအမ် ကေဘယ်စနစ်တို့ ပါဝင်တယ်လို့ သိရပါတယ်။

အင်တာနက်အခြေခံထားတဲ့ ပင်လယ်ကြမ်းပြင် ကေဘယ်လိုင်းတွေဟာ ကမ္ဘာ့အချက်အလက် ယာဉ်ကြောကြီးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို သယ်ယူပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

(MDN)

ကိုးကား-ရိုက်တာ