စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင် အစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၂၀ 

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီ၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဉက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ကော်မတီဝင်များ၊ ဖိတ်ကြား ထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မိမိတို့လုပ်ငန်းဆပ်ကော်မတီကို ပေးအပ်ထားသည့် တာဝန်(၁၈)ရပ်သည် မိမိတို့ပြည်ထောင်စုအတွင်း၌ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ငန်းတာဝန်များကို ပေါင်းစပ်ထားခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဆပ်ကော်မတီအနေဖြင့်  နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများအတွက် စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆပ်ကော်မတီဝင်ဌာနများအနေဖြင့် မိမိတို့လျာထား လုပ်ငန်းစီမံကိန်းများကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထိုနောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များက မိမိတို့ ဌာနအလိုက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ခွင့်ပြုလုပ်ငန်းများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် လျာထားဆောင်ရွက်မည့် နယ်စပ်ဒေ သဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများနှင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုး တက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ် စဉ်(၂/၂၀၂၃) ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)တွင် တင်ပြဆွေးနွေးရန်အတွက် လိုအပ်သည်များကို အချိန်မီပြုစုတင်ပြပေးစေလိုပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်