စွမ်းအင်ဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ 

 

နေပြည်တော်  ဇွန် ၂၄ 

စွမ်းအင်ဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် သံတမန်ဇုန်ရှိ မာရဝိဇိယဘုရားကြီးသို့သွားရာ သစ်ခွလမ်း ဘေးဘယ်/ညာ၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာထမ်း/ အမှုထမ်းများ တက်ရောက် စိုက်ပျိုးကြသည်။ 

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်နေရာ၌ ခရေပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက ကံ့ကော်ပင်များကို စိုက်ပျိုးပေးကြကာ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများ၏ ရတနာတန်းဝင် ကျွန်းနှင့် ပျဉ်းကတိုး၊ မန်ကျည်း၊ ဘုံမဲဇာ၊ မယ်ဇလီနှင့် စိန်ပန်းပင်များ စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။

 

mdn

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၀၆ ခုနှစ်မှစ၍ ယနေ့အချိန်ထိ သစ်ပင် ၉၈၇၀ ခန့် စိုက်ပျိုးခဲ့ပြီး ရှင်သန်မှုအနေဖြင့် ၇၀ ရာခိုင်နှုန်း ရှိကြောင်းနှင့် ယနေ့သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရတနာတန်းဝင် ကျွန်းပင်နှင့် ပျဉ်းကတိုးပင် အပါအဝင် ခရေပင်၊ ကံ့ကော်ပင်၊ မန်ကျည်းပင်၊ ဘုံမဲဇာပင်၊ မယ်ဇလီပင်နှင့် စိန်ပန်းပင် အရိပ်ရလေကာပင် သစ်ပင်မျိုးစုံ စုစုပေါင်း ၆၈၀ စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်