စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းသား/သမီးများအား ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ မေ ၈

 

စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းသား/သမီးများအား ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်တွင် နေပြည်တော်ရှိ ရုံးအမှတ် ၆ ရှိရတနာခန်းမတွင် ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်တက်ရောက်၍ အမှာစကားပြောကြားသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက သင်တန်းသည်ဗုဒ္ဓ၏ အဆုံးအမဖြင့် လွှမ်းခြုံကာယဉ်ကျေးသော မြန်မာ့လူ့အဖွဲ့အစည်း၏ သိမ်မွေ့သော လူနေမှုပုံစံများ ပျောက်ပျက်မသွားစေရန်အတွက် စာရိတ္တပညာရပ်၊ ပြည်သူ့နီတိ ပညာရပ်များကို အလေးထားသင်ကြားပေးသွားမည်ဖြစ်၍ သင်တန်းသား၊ သင်တန်းသူများက သေချာစွာလေ့လာ ဆည်းပူးကြရန်လိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်သော နည်းပညာခေတ်တွင် လူငယ်များ၏ စိတ်ဓာတ်နှင့် အတွေးအခေါ်များ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံအတွက် အားကိုးအားထား ပြုထိုက်သည့် သားကောင်းသမီး ရတနာများ မွေးထုတ်ပေးနိုင်နိုင်ရေး မိဘများ၊ ဆရာ/ဆရာမများ၊ တာဝန်ရှိသူများက လေ့ကျင့်ပြုစု ပျိုးထောင်ပေး ရန်လိုကြောင်းပြောကြားသည်။

 

အဆိုပါသင်တန်းတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ၏ ယဉ်ကျေးလိမ္မာ သင်တန်းစာစောင်ကို အသုံးပြု၍ ဘုရား၊ တရား၊ သံဃာဂုဏ်တော်များ၊ ထိခြင်းငါးပါးဖြင့် ဘုရားရှိခိုးပုံများ၊ ငါးပါးသီလ ဆောက်တည်ခြင်း၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊ နှလုံးလှယဉ်ကျေးလိမ္မာ ဆုံးမစာသံပေါက်များကို ကျောင်းသား/ ကျောင်းသူ ၄၀ ကို ရက်သတ္တပတ်တစ်ပတ်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ပါကြောင်း သိရသည်။

 

သတင်းစဉ်