စွမ်းနိုင်သမျှပါဝင်လို့ ကျေနပ်ဂုဏ်ယူကြပါစို့  

 

ပြည်ချစ်လုလင်

 

ယခုရက်ပိုင်း   တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး၊ သို့လောသို့လော စိုးရိမ်ပူပန်မှုတွေနဲ့ လူတွေပါးစပ်ဖျားမှာ  ဆွေးနွေးငြင်းခုံပွက်လောရိုက်နေတဲ့ အကြောင်းအရာတစ်ခုရှိပါတယ်။ ဘယ်နှတန်းရောက်ပြီလဲ။ အသက် ဘယ်လောက်တော့ရှိပြီ။ အလားတူ သားလေးက အခုမှအသက် ၂၀။ ဒါဆိုရင်မလွတ်လောက်ဘူး စသဖြင့် ပွက်လောညံနေပါတယ်။

ဒါကတော့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက်လိုအပ်လာလို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်အသက်ဝင် ကျင့်သုံးဖို့ အတည်ပြုလိုက်တဲ့အသက် (၁၈)နှစ်ပြည့်ပြီး ကျန်းမာသန်စွမ်းသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေက အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ၊ အမျိုးသမီး က အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ စစ်မှုထမ်း ရမှာဖြစ်ပြီး အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုတဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ စက်မှု လက်မှုပညာတတ်မြောက်သူတွေဆိုရင် အမျိုးသားက အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ တာဝန် ထမ်းဆောင်ရမှာဖြစ်ပါတယ်။ စစ်မှုထမ်းကာလကို သာမန်အခြေအနေမှာ သက်တမ်းနှစ်နှစ်၊ အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုသူတွေဆိုရင် သုံးနှစ် သတ်မှတ်ထားပါတယ်။

 

၁၉၅၉ ခုနှစ်ကတည်းက ပြည်သူ့စစ်မှုထမ်း အက်ဥပဒေဆိုပြီးရှိခဲ့

 

တကယ်တော့ စစ်ရေးလိုအပ်ချက်တစ်ခုကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေက ဟတ်ချလောင်းဆိုပြီး အခုမှအတည်ပြုထုတ်ပြန်လိုက်တာ မဟုတ်ပါဘူး။ ၁၉၅၉ ခုနှစ်ကတည်းက ပြည်သူ့စစ်မှုထမ်း အက်ဥပဒေဆိုပြီး ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ဥပဒေအမှတ် (၂၇ /၂၀၁၀) နဲ့ ၁၉၅၉ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြင်ဆင်သတ်မှတ်ခဲ့ပြီး အခု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက်မှာ စတင်အာဏာ တည်စေခဲ့တာဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံတည်းမှာ ဒီဥပဒေကို ကျင့်သုံးတာမဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းထားရှိပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်က နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ်လို့ ခံယူတဲ့အတွက် လူငယ်တွေ ကိုယ်တိုင်က စစ်မှုထမ်းဖို့ လိုလိုလားလား ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ အသက်အရွယ်လူဦးရေ ၁၃ သန်း ဝန်းကျင်ရှိပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေး (၃)ပါးကို စောင့်ထိန်းဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတဲ့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းရခြင်းဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ မူလတာဝန်ဝတ္တရားတွေ ပါဝင်ပါတယ်။ အခြေခံဥပဒေပုဒ်မ ၃၈၅ မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရေးက နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၃၈၆ မှာ နိုင်ငံသားတိုင်းက ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဆိုပြီး ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။

 

တပ်မတော်အင်အားကို ထောင်ပြုမြို့၊ ရာပြုမြို့များမှတစ်ဆင့် ဆင့်ဆိုပြီး ဖွဲ့စည်းဆောင်ရွက်ခဲ့ကြ

 

မြန်မာ့သမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်ရင်လည်း မြန်မာနိုင်ငံမှာ အမြဲတမ်းတပ်မတော်ကို သင့်လျော်တဲ့ပမာဏနဲ့ ဖွဲ့စည်းထားပြီး အရေးကြုံပါက တပ်မတော်အင်အားကို ထောင်ပြုမြို့၊ ရာပြုမြို့များမှတစ်ဆင့် ဆင့်ဆိုပြီး ဖွဲ့စည်းဆောင်ရွက်ခဲ့ကြပါတယ်။

မြန်မာစစ်သည်တော်တွေက တောင်သူလယ်သမားတွေဖြစ်တာကြောင့် ရန်သူကို ရင်ဆိုင်တိုက်ခိုက်ရင်း၊ တစ်ဖက်ကလည်း စပါးစိုက်ပြီး ကိုယ့်ရိက္ခာကို ကိုယ်တိုင်စိုက်ပျိုးထွန်ယက်ကာ ရှာဖွေစားသောက်ရင်း နိုင်ငံ့ရန်ကို တွန်းလှန်ကာကွယ်ခဲ့ကြပါတယ်။ ဒီလို ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲတတ်တဲ့ ပြည်သူ့စစ်က ရှေးယခင်ကတည်းက တည်ရှိနေခဲ့တာကို ဂုဏ်ယူစဖွယ် မှတ်သားဖူးပါတယ်။

 

အားလုံးပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံတစ်ဝန်းတည်ငြိမ် အေးချမ်းမှုရှိဖို့လိုပါတယ်။ တည်ငြိမ်အေးချမ်းမှု ရှိဖို့ဆိုရင် အားလုံးပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်နဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

လက်ရှိနိုင်ငံရဲ့ အခြေအနေကတော့ အားလုံး သိတဲ့အတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်ပြားပြီး သွေးထိုးလှုံ့ဆော်မှုတွေ၊ အသိဉာဏ်နည်းပါးမှုတွေကြောင့် ထင်ရာစိုင်း၊ အချင်းချင်းရန်ပြုတိုက်ခိုက်၊ အိမ်ကြက်ချင်းအိုးမဲသုတ် ခွပ်စေသူတို့ရဲ့အလိုကျ ဖြစ်နေကြရပါတယ်။

ဒီလိုအခြေအနေမှာ နိုင်ငံတော်ရဲ့ အရေးပေါ် ကာလ ရည်မှန်းချက်တွေကို အောင်မြင်အောင် အရင်းအမြစ်တွေကို စုစည်းစုဖွဲ့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အချို့ဒေသတွေမှာဆိုရင် မိမိတို့ဒေသရပ်ရွာမှာ တရားဥပဒေ စိုးမိုးမှုရှိစေဖို့၊ အကြမ်းဖက်မှု တွေပပျောက်စေဖို့ ဒေသခံပြည်သူတွေကိုယ်တိုင် အကြမ်းဖက်သမားတွေကို ဝိုင်းဝန်းဖော်ထုတ် နှိမ်နင်းဆောင်ရွက်ပေးနေတာတွေလည်း ရှိပါတယ်။

ပြည်သူတွေကိုယ်တိုင် မိမိတို့ရပ်ရွာဒေသကို စောင့်ရှောက်နိုင်ဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းရတာ ဖြစ်ပါတယ်။ စစ်ရေးတစ်ခုတည်းကို ရည်မှန်းဆောင်ရွက်တာမဟုတ်ဘဲ နိုင်ငံလုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်ကို တပ်မတော်နဲ့ပြည်သူ တက်ညီလက်ညီ လက်တွဲဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

စစ်မှုထမ်းဆောင်မယ့်သူတွေကို ချက်ချင်းလက်ငင်းဆင့်ခေါ်ပြီး တိုက်ခိုက်ရေးဘက်ကို ပို့မှာမဟုတ်ဘဲ စစ်မှုထမ်း တစ်ယောက်တတ်သင့်တဲ့ တိုက်ရည်ခိုက်ရည်နဲ့ဆိုင်တဲ့ စစ်ပညာတွေကို လေ့ကျင့်သင်ကြားပေးဦးမှာ ဖြစ်ပါတယ်။

 

စစ်ကိုဟန့်တားနိုင်တဲ့ စွမ်းရည်တွေရရှိလာမှာဖြစ်

 

နောက်ပြီး အမြဲတမ်းတပ်မတော်ရဲ့ ရပ်တည်ချက်ကို ပြည်သူလူထုက နားလည်လက်ခံလာပြီး တပ်မတော်နဲ့ ပြည်သူအကြား အထင်အမြင်လွဲမှားမှုတွေ၊ ကွာဟချက်တွေကို ကျဉ်းမြောင်းလာစေမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ကာကွယ်ရေးအင်အားနဲ့ ပြည်သူလူထုရဲ့ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ စွမ်းရည်တွေကို ပြသနိုင်ပြီး စစ်ကိုဟန့်တားနိုင်တဲ့ စွမ်းရည်တွေရရှိလာမှာ ဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု၊ စစ်မဟာဗျူဟာ၊ စိတ်ဓာတ် ကြံ့ခိုင်မှု၊ သံတမန်ရေးရာပရိယာယ်၊ စစ်မြေပြင် အမျိုးအစား၊ အုပ်ချုပ်ထောက်ပံ့ရေး၊ စည်းကမ်း ထိန်းသိမ်းရေးစတာတွေကတော့ စစ်မှုထမ်းဆောင် စဉ်ကာလအတွင်း ရရှိသွားမယ့် ဘဝပေးအသိပညာ တွေပဲဖြစ်ပါတယ်။

ဒါ့အပြင် အချင်းချင်း ရဲဘော်ရဲဘက်စိတ်၊ ကိုယ်ချင်းစာနာမှု၊ စွန့်လွှတ်စွန့်စားအနစ်နာခံမှု၊ ချစ်ကြည် စည်းလုံးမှုတွေအပြင် ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်၊ အမိန့်နာခံတတ်မှုတွေကိုလည်း ခံစားနားလည်လာအောင် အပိုဆုအဖြစ် မြန်မာ့တပ်မတော်က လေ့ကျင့်သင်ကြားပေးလိုက်မှာဖြစ်ပါတယ်။

မြန်မာတို့ရဲ့အမျိုးကိုချစ်တဲ့ ဇာတိသွေး၊ ဇာတိမာန်၊ ရဲရဲနီစွေးသတ္တိသွေးတို့က နဂိုမူလကတည်းက တိုင်းရင်းသားတို့ရဲ့ ကိုယ်ထဲမှာ စီးဆင်းနေပြီးသားဖြစ်ပါတယ်။ အကြောင်းမကြုံကြိုက်လို့ ငုပ်လျှိုးနေကြရတာ ဖြစ်ပြီး ရဲစိတ်ရဲမာန်၊ နိုင်ငံ ချစ်စိတ်၊ မျိုးချစ်စိတ်တို့က အခုလို အရေးကြုံလို့ လိုအပ်လာချိန်တွင် ပြသခွင့်ရကြမှာ ဖြစ်ပါတယ်။

မိမိတို့ပတ်ဝန်းကျင်၊ ရပ်ရွာ၊ ဒေသ၊ နိုင်ငံ အေးချမ်းသာယာဖို့၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်တိုင်ကိုယ်ကျ စွမ်းသမျှ ပါဝင်ထမ်းရွက်ခွင့် ရတာမို့ ကျေနပ်ဂုဏ်ယူစရာလည်း ကောင်းပါတယ်။ ဒါကြောင့် အရေးကြီးလို့ သွေးနီးရတယ်၊ အရေးကြုံလို့ သွေးဆုံကြရတယ်လို့ခံယူရင်း မြန်မာနိုင်ငံသား တစ်ယောက်ရဲ့တာဝန်ကို ကျေပွန်လိုက်ကြပါစို့ မြန်မာလူငယ်တို့……..။ ။