စနစ်ရဲ့ အနှစ်သာရ

မြင့်သူ

“မီးလောင်လို့ပြာကျတော့မယ်။    မီးသတ်ကားက မလာသေးဘူး”။

“သူတို့က ရေနဲ့ပက်တာ မဟုတ်ဘူး။ ငွေနဲ့ပက်တာ။ မီးသတ်သမားကို ပိုက်ဆံအထုပ်လိုက်သာပေးလိုက်၊ လောင်နေတဲ့မီး ဟုတ်ခနဲငြိမ်းသွားလိမ့်မယ်”။

“ရေပိုက်ခေါင်းသေးသေးလေးနဲ့ ပက်နေတာ ဘယ်လိုလုပ်မီးငြိမ်းပါ့မလဲ”။

မီးသတ်သမားဆိုရင် တစ်စက်မှ အကောင်းမမြင်နိုင်ခဲ့

ဒီအသံတွေက အရင်တုန်းက မကြာခဏကြားခဲ့ကြရတဲ့အသံတွေ ဖြစ်ပါတယ်။ တစ်ခါတလေ မကြားတကြား ပြောကြတာဖြစ်သလို တစ်ခါတလေကျတော့လည်း ကိုယ့်မျက်စိရှေ့မှာတင် ပြောတာခံနေကြရတာ ဖြစ်ပါတယ်။ မီဒီယာဆိုတဲ့ အဖွဲ့အစည်းတွေ အသံကျယ်နိုင်ခဲ့ကြတဲ့ တစ်ချိန်ကဆိုရင် စာမျက်နှာတွေပေါ်မှာ အတင်းအဖျင်း သတင်းတွေလိုကို ဖတ်နေခဲ့ကြရတာ ဖြစ်ပါတယ်။ မီးသတ်သမားဆိုရင် တစ်စက်မှ အကောင်းမမြင်နိုင်ခဲ့ ကြတာ ဖြစ်ပါတယ်။

တကယ်ရော သူတို့တွေပြောသလို ဖြစ်ပျက်ခဲ့ သလား။ မဖြစ်နိုင်လို့တော့ မပြောလိုပါဘူး။ ဖြစ်ခဲ့ တာတွေရှိလို့သာ စာမျက်နှာတွေပေါ်ရောက်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့တွေ လေ့လာသင်ကြားခဲ့တဲ့ သတင်း အတတ်ပညာရဲ့ အခြေခံထဲမှာ “ပုံကြီးချဲ့တယ်ဆိုတာ ပုံသေးရှိလို့ပဲ” ဆိုတာပါပါတယ်။ မဟာဗန္ဓုလ လမ်းပေါ်မှာရှိတဲ့ အာအေအဟူဂျာ ဓာတ်ပုံဆိုင်မှာ ‘ပုံသေးပုံဟောင်းမှ ပုံကြီးပုံကောင်းသို့ ဆိုပြီး တစ်ချိန်က ကြော်ငြာတာတွေ့ခဲ့ရဖူးပါတယ်။ စကားလုံးအတိအကျ မဟုတ်ပေမယ့် အဓိပ္ပာယ်က ပတ်စပို့ပုံ သေးသေးလေးသာယူခဲ့ပါ၊ အိမ်ဦးခန်းမှာ ချိတ်ဆွဲလို့ရအောင် ပုံအကြီးချဲ့ပေးတယ်ဆိုတာကို ကြော်ငြာတာ ဖြစ်ပါတယ်။

 

မီးသတ်တပ်ဖွဲ့ရဲ့ ကောင်းသတင်းတွ

 

မီးသတ်နဲ့ပတ်သက်တဲ့ သတင်းတွေကလည်း အဲဒီလိုဖြစ်မှာပါပဲ။ မတစ်ရာသားတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ဖြစ်နေလေတော့ တစ်ယောက်တလေ ဖောက်တဲ့သူရှိမှာပါပဲ။ ယခုရောရှိသေးလား၊ ရှိနေဦးမှာပါပဲ။ ဒါပေမယ့် အရင်လိုအသံတွေ မကြားရတော့ဘူး။ ဖေ့စ်ဘုတ်လို လူမှုမီဒီယာတွေအားကောင်းတဲ့ အခုခေတ်မှာ မီးသတ်တပ်ဖွဲ့ရဲ့ ကောင်းသတင်းတွေ၊ ချီးကျူးသံတွေပဲ အများဆုံး ကြားနေရပါတယ်။

မီးသတ်ကား ဥသြသံကြားတာနဲ့တစ်ပြိုင်နက် မီးသတ်လူမှုကွန်ရက်စာမျက်နှာကို သွားကြည့်ကြတယ်။ နီးစပ်ရာအချင်းချင်းဝေမျှကြတယ်။ အရင်တုန်းက မကြားခဲ့ရဖူးတဲ့ “မီးသတ်တပ်ဖွဲ့ဝင်တွေ အန္တရာယ်ကင်းကင်းနဲ့ အမြန်ဆုံးငြှိမ်းသတ်နိုင်ပါစေ” ဆိုတဲ့ ဆုတောင်းမေတ္တာပို့သသံမျိုးတွေ၊ စကားသံတွေ မီးသတ်တပ်ဖွဲ့ရဲ့ စာမျက်နှာမှာ မြင်လာရတယ်၊ ကြားလာရတယ်။ ဆဲသံဆိုသံတွေ၊ အပြစ်တင်သံတွေ ရှိလာခဲ့ရင်တောင် အချင်းချင်း သတိပေးကြပြီး မီးသတ်တပ်ဖွဲ့ဘက်ကနေ ရပ်တည် ပေးကြတယ်။

ဒီလိုပဲ တစ်ဖက်မှာလည်း ဘာလေးပဲဖြစ်ဖြစ် မီးသတ်တပ်ဖွဲ့ကို အားကိုးလာကြတယ်။ ပုံမှန်မဟုတ်တဲ့ မီးခိုးတွေတွေ့ရင်၊ လမ်းပေါ်မှာယာဉ်မတော်တဆမှုတွေ့ရင်၊ လူတစ်ယောက်ချောင်းထဲမှာ ရေနစ်နေတာတွေ့ရင်၊ ချောင်းရေတွေလျှံနေရင်၊ မြွေတွေ့ရင် မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားလာတယ်။ မီးသတ်တပ်ဖွဲ့ ရောက်လာပြီဆိုရင် သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေရသွားတယ်လို့ ခံစားရလောက်အောင်အထိ ဖြစ်လာတယ်။

 

စနစ်တစ်ခုကို အောင်မြင်အောင် တည်ဆောက်

 

ဒီလို မီးသတ်တပ်ဖွဲ့အပေါ် ပြည်သူလူထုရဲ့အမြင် အတွေးတွေ ပြောင်းလဲသွားအောင် ဘာတွေကများ ရှေ့ဆောင်ပါသလဲ။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမယ့် အထူးအဆန်းတော့ မဟုတ်ပါဘူး။ စနစ်တစ်ခုကို အောင်မြင်အောင် တည်ဆောက်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။ အဲဒီစနစ်ကလည်း ယခင်ကတည်းကရှိနေပြီး နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲ အသုံးချခဲ့တာပဲ ဖြစ်ပါတယ်။

မီးသတ်တပ်ဖွဲ့တွေရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာတွေကိုပါ စနစ်အတွင်း ထည့်သွင်းစဉ်းစား တည်ဆောက်ခဲ့ရတာ ဖြစ်ပါတယ်။ မီးသတ်စခန်းတွေ တည်ဆောက်တာကအစ ယခင်ကာလတွေက မြေနေရာရမှုအပေါ် မူတည်ပြီး တည်ဆောက်ရတာဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ မီးသတင်းရ တာနဲ့တစ်ပြိုင်နက် ၅ မိနစ်မှ ၁၀ မိနစ်အတွင်း မီးသတ်တပ်ဖွဲ့တွေ ရောက်နိုင်တဲ့ အကွာအဝေးဖြစ်အောင် တည်ဆောက်လာခဲ့ကြတယ်။ အရင်ကမီးတောက်ကြီးတွေကို ရေအားကောင်းကောင်းနဲ့ဖိပြီး မီးသတ်ရာကနေ အခု မီးတောက်တွေကြားမှာရှိတဲ့ မီးလောင်မှုကိုအားပေးတဲ့ အောက်ဆီဂျင်ဓာတ်ငွေ့ကို ဖြတ်တောက်နိုင်အောင် ရေကုန်သက်သာစေတဲ့ ရေမှုန်ရေမွှားမီးသတ်ပိုက်ခေါင်း (Jet and Spray)နဲ့ မီးငြှိမ်းသတ်လာကြတယ်။

တစ်ဖက်ကလည်း မြို့ပြက ကြီးမားကျယ်ပြန့်လာပြီး အသက်မွေးဝမ်းကျောင်းရတဲ့ နယ်ပယ် ကျယ်ဝန်းလာတာနဲ့အမျှ မီးမတော်တဆမှုတွေရှိရင် ကိုယ့်အိမ်ကိုယ့်ရာနဲ့ နီးသလား ဝေးသလား သိရအောင် အွန်လိုင်းနည်းပညာသုံးပြီး အချိန်နဲ့တစ်ပြေးညီ အသိပေးနိုင်လာတယ်။ လူထုအနေနဲ့လည်း မီးမတော်တဆမှုတွေ့ရင် မီးသတ်ဌာနကို အကြောင်းကြားနိုင်အောင် နည်းလမ်းပေါင်းစုံ စီစဉ်ပေးထားတယ်။

 

အမြင်စောင်းနေတာတွေ ပြောင်းလဲသွား

 

မြန်မာနိုင်ငံအတွင်း ဘယ်မြို့ဘယ်ရွာ ဘယ်နေရာရောက်ရောက် အဆောက်အအုံမြင်လိုက်တာနဲ့ ပြည်သူတွေကို အကူအညီပေးမယ့် မီးသတ်တပ်ဖွဲ့ဆိုတာ မြင်ရုံနဲ့သိနေစေရတယ်။ မီးသတ်တပ်ဖွဲ့ စခန်းတိုင်းမှာ လူအသင့်၊ ယာဉ်အသင့်၊ ဆီအသင့်၊ ရေအသင့်ဆိုပြီး သင့်လေးသင့် အဆင်သင့် ဖြစ်နေစေရတယ်။ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်ဆိုတဲ့ ဆောင်ပုဒ်ကို လိုက်နာဆောင်ရွက်တယ်။ အဲဒီအခြေခံစနစ်တွေကို ဦးဆောင်ဦးရွက် ပြုနေတဲ့ တပ်ဖွဲ့ခေါင်းဆောင်အသီးသီး၊ အဆင့်အသီးသီးက နည်းပညာတိုးတက်မှုတွေကို အသုံးချပြီး ခေတ်စနစ်နဲ့ကိုက်ညီတဲ့ မီးသတ်နည်းစနစ်နဲ့ ပေါင်းစပ်အသုံးချ ဆောင်ရွက်ကြတဲ့အခါ စောစောကပြောတဲ့ မီးသတ်တပ်ဖွဲ့အပေါ် တစ်ချိန်လုံး အမြင်စောင်းနေတာတွေ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးဖြစ်လာအောင် အချိန်တိုတိုနဲ့၊ လွယ်လွယ်နဲ့ ဖြစ်လာတာတော့ မဟုတ်ပါဘူး။ ဆယ်စုနှစ် တစ်ခုကျော်တဲ့အထိ တစ်ဆင့်ပြီး တစ်ဆင့်ပြောင်းလဲနိုင်အောင် ကြိုးစားခဲ့ကြရတာဖြစ်ပါတယ်။ အခြေအနေတွေ ဘယ်လိုပဲရှိနေပါစေ စနစ်တစ်ခုကို အပျက်မခံဘဲ တည်ဆောက်ရတယ်ဆိုတာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် စနစ်ကိုပျက်စေတာကတော့ လူတွေပါပဲ။ အခြေအနေတစ်ခုအရ အပြောင်းအလဲ တစ်ခုအရ ဦးစီးဦးဆောင်ပြုတဲ့သူတွေရဲ့ စိတ်ဆန္ဒ၊ အတွေး အမြင်တွေက စနစ်ကို အပြောင်းအလဲ ဖြစ်စေနိုင်ပါ တယ်။ ထိုနည်းတူပဲ တပ်ဖွဲ့ဝင်တွေရဲ့ အပြုအမူ၊ အနေအထိုင်၊ လုပ်ဆောင်မှုတွေကလည်း စနစ်ကို ပျက်စီးစေနိုင်ပါတယ်။

 

စနစ်ရဲ့ထိန်းကျောင်းမှုအောက်မှာ ပြည်သူနဲ့ ပိုမိုနီးကပ်သွားစေ

 

သို့သော်လည်း စနစ်ကိုတည်ဆောက်ရာမှာ ဆန်စဉ်ရာ ကျည်ပွေ့လိုက်ပုံစံ မဟုတ်ရလေအောင် စနစ်တကျနဲ့ အချိန်ယူတည်ဆောက်လာခဲ့တဲ့အတွက် စနစ်ကပဲတပ်ဖွဲ့ဝင်တွေကို ဦးဆောင်ထိန်းကျောင်းသွားတဲ့အခါ မီးသတ်တပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေ မြင့်တက်လာသလို ပြည်သူလူထုနဲ့ တစ်သားတည်းဖြစ်သွားခဲ့ပါတယ်။ အဲဒီ အချိန်မှာတွေ့မြင်လိုက်ရတဲ့ အပြောင်းအလဲတစ်ခုက တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ပါပဲ။ တစ်ချိန်ကဆိုရင် “မီးတောက်မီးလျှံကြီး ဘယ်လောက်ကြီးမားပါစေ အသက်ကိုယ်ခန္ဓာ ဆုံးရှုံးနိုင်မည်ဟု သိပင်သိငြားသော်လည်း စွန့်လွှတ်စွန့်စား အသက်ကိုပင်ပဓာနမထားဆိုသော စိတ်ဓာတ်ဖြင့်” ဆိုပြီး ဂုဏ်ဆာချင်တဲ့ တပ်ဖွဲ့ဝင်တချို့ ရှိခဲ့ဖူးပေမယ့် စနစ်ရဲ့ထိန်းကျောင်းမှုအောက်မှာ အဲဒီလိုစိတ်ဓာတ်တွေ အလိုလိုပျောက်သွားတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အရှိန်ညီးညီးလောင်နေတဲ့ မီးလျှံတွေရဲ့ကြားမှာ အသက်စွန့်ပြီး မီးငြှိမ်းသတ်ရတာ၊ အဲဒီအတွက်နဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးရတာ ဂုဏ်ယူကြပါတယ်။ တချို့ဆို မီးလောင်ပေါက်ကွဲမှုတွေမှာ ပါသွားပြီး အရိုးအသား ရှာမရတာတွေတောင် ရှိပေမယ့်၊ ကျန်ခဲ့တဲ့မိသားစုက ဆုံးရှုံးမှုကြီးမားစွာ ရင်ဆိုင်လိုက်ရပေမယ့် ဂုဏ်ယူကြပါတယ်။ ကျွန်တော်တို့မီးသတ်တပ်ဖွဲ့ဝင်တွေကိုယ်တိုင်က မီးသတ်တပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်နဲ့ အနှစ်သာရကို သဘောကျနှစ်သက်လို့ ဝင်ရောက်အမှုထမ်းခဲ့ကြတာဆိုတော့ လိုတာထက်ပိုကဲတဲ့ အတွေးအမြင် အယူအဆတွေကို စနစ်ရဲ့ထိန်းကျောင်းမှုအောက်မှာ အလိုလို ရောက်သွားစေခဲ့ခြင်းကလည်း ပြည်သူနဲ့ ပိုမိုနီးကပ်သွားစေတာပဲ ဖြစ်ပါတယ်။

တကယ်တော့ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်လက်ဖက်ရည်ကိုယ်သောက်၊ မီးလောင်တယ် မီးသတ်ကား ဥသြသံကြားတယ်ဆိုတာနဲ့ မင်္ဂလာဆောင်နေတဲ့ သတို့သားလည်း မီးသတ်ဝတ်စုံလဲ၊ မိဘဖြစ်သူနာရေး မြေချဖို့ သရဏဂုံတင်နေတာကနေ သားဖြစ်သူက မီးလောင်ရာကို ပြေးသွား၊ မီရာကားနဲ့ ဖြစ်သလိုလိုက်သူလိုက်၊ ခြေကျင်ပြေးသွားသူသွား၊ စက်ဘီးနဲ့လိုက်ပြီး မီးလည်းငြိမ်းရော စက်ဘီးကိုအစအနရှာမရတဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ရင်ထဲမှာကိန်းအောင်းနေတဲ့ သန္ဓေစိတ်က အခုမှ ကောက်ခါငင်ခါ ဖြစ်တည်လာတာ မဟုတ်ပါဘူး။ မီးသတ်တပ်ဖွဲ့ စတင်ထူထောင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၇၈ နှစ် ကတည်းက ရှိနေခဲ့တာကိုသာ ကြည့်ပါလေ။ အဲဒီ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေက ဘယ်တော့မှ တိမ်ကော သွားမှာမဟုတ်ပါဘူးဆိုတာ တင်ပြရင်း (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုရေးသား ဖော်ပြလိုက်ရပါတယ်။