စနေနေ့တိုင်း ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးမည်

ကန်ကြီးထောင့် ၁၅ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှု အသင်း (ကန်ကြီးထောင့်မြို့)မှ ဘိုးဘွားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယနေ့ နံနက် ၈ နာရီမှ စတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေး စောင့်ရှောက်ပေးမှုကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆေးကုသမှု ခံယူရန်လိုအပ်သည့် ချို့တဲ့နွမ်းပါးသော အသက် ၆၀ နှစ် နှင့်အထက် ဘိုးဘွားများကို လူမျိုး၊ ဘာသာ၊ နေရာဒေသမရွေး (အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဆေးကူညီပေးခြင်းများကို ကုသိုလ်ပြု ဆောင်ရွက်ပေးသွားရန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်သွားရန် စသည့် ရည်ရွယ်ချက်များဖြင့် အသင်းကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အသင်းရန်ပုံငွေများ ပြည့်စုံလာပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

mdn

 

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ ရွှေရည်ဝင်းခင်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ဘိုးဘွား အယောက် ၆၀ ခန့်အား အထွေထွေ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်းနှင့် ဆေးရုံ တက်ရောက်ရန် လိုအပ်သော ဘိုးဘွားများအား လမ်းညွှန်မှုပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ပရဟိတအဖွဲ့များမှ လူငယ်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နန်းထိုက် (KGD)