စင်ကာပူ၊ ထိုင်းနိုင်ငံများမှ ခရီးသွားများကို အင်္ဂလန်သို့ ဝင်ရောက်ရာတွင် ၁၄ ရက် သီးခြားနေထိုင်စေရေးစာရင်းမှ ပယ်ဖျက်

လန်ဒန် ၁၉ စက်တင်ဘာ

စင်ကာပူနှင့် ထိုင်းနှစ်နိုင်ငံတို့ကို အင်္ဂလန်နှင့် စကော့တလန် တို့သို့ ဝင်ရောက်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နေအိမ်တွင် ၁၄ ရက် သီးခြားနေထိုင်စေသည့် အစီအစဉ်မှ ပယ်ဖျက်လိုက်ကြောင်း ဗြိတိန်အာဏာပိုင်များက ယမန်နေ့က အတည်ပြုပြောကြားခဲ့သည်။

စက်တင်ဘာ ၁၉ ရက် ဗြိတိန်ဒေသစံတော်ချိန် နံနက် ၄ နာရီမှ စတင်ပြီး အဆိုပါနိုင်ငံများမှ ခရီးသွားများအနေဖြင့် ယခင်ကကဲ့သို့ ဗြိတိန်နိုင်ငံသို့ ဝင်ရောက်ရာတွင် ၁၄ ရက်သီးခြားနေထိုင်စေခြင်းမှ ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။ အဆိုပါပယ်ဖျက်လိုက်မှုကို ဗြိတိန်အစိုးရ ဝက်ဘ်ဆိုက်နှင့် စကော့တလန်အစိုးရ ဝက်ဘ်ဆိုက်တို့တွင် တစ်ပြိုင်နက်တည်း ကြေညာခဲ့ခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံသည် လက်ရှိတွင် တရုတ်၊ မလေးရှား၊ ဘရူနိုင်း၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နှင့် နယ်စပ် ဖြတ်ကျော်ခရီးသွားလာခွင့် ပြုလုပ်ထားပြီးဖြစ်သကဲ့သို့ ထိုင်း၊ ဟောင်ကောင်၊ အင်ဒိုနီးရှားတို့နှင့်လည်း ယင်းသို့ သော အစီအမံကို ပြုလုပ်ရန် စီစဉ်နေပြီဖြစ်သည်။ စင်ကာပူ နိုင်ငံ သည် ၂၄ နာရီအတွင်း ကူးစက်သူ ၁၈ ဦးသာရှိခဲ့ရာ အဆိုပါ အရေအတွက်သည် ခြောက်လအတွင်း အနိမ့်ဆုံး ကူးစက်မှုနှုန်းထားလည်းဖြစ်ကြောင်း သိရသည်။

ကိုးကား-စီအင်န်အေ၊ ဘာသာပြန်-မေလဲ့သင်း