စင်ကာပူနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုအခြေအနေများအား လေ့လာခြင်း

ခန့်ဇော်(ကျေးလက်)

အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ဝန်ကြီးများအဆင့်အစည်းအဝေး (AMRDPE)၊ အဆင့်မြင့်အရာရှိကြီးများအဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအစည်းအဝေး(SOMRDPE)နှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံနိုင်ငံများအလိုက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့ပြီး (၁၃)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဝန်ကြီးများအဆင့်အစည်းအဝေး (13th AMRDPE)နှင့် အကြိမ် (၂၀) မြောက် အဆင့်မြင့်အရာရှိကြီးများအဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအစည်းအဝေး(20th SOMRDPE)ကို ၂၀၂၃ နိုဝင်ဘာလမှာ စင်ကာပူနိုင်ငံမှာ သုံးရက်ကြာ ကျင်းပသွားရန်ရှိပါတယ်။

စင်ကာပူနိုင်ငံဟာ ၁၉၅၉ ခုနှစ်မှာ ဗြိတိသျှအင်ပါယာအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ဖြစ်လာခဲ့ပြီး ၁၉၆၅ ခုနှစ် ဩဂုတ် ၉ ရက်မှာ နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင်ရပ်တည်ခဲ့ပါတယ်။ လူမျိုးရေးပြဿနာများရဲ့ ခြိမ်းခြောက်မှုများကို ထိန်းချုပ်ခဲ့ပြီး ယောကျ်ားလေးတိုင်း စစ်မှုမထမ်းမနေရစနစ်နဲ့ လွတ်လပ်သော နိုင်ငံ၏ကာကွယ်ရေးစနစ်ကို တည်ဆောက်ခဲ့တာတွေ့ရပါတယ်။ ဝက်မင်စတာစနစ် (Westminster System) ကျင့်သုံးတဲ့ ပါလီမန်ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ကမ္ဘာမှာ အကျင့်ပျက်ခြစားမှုအနည်းဆုံးသော နိုင်ငံတစ်နိုင်ငံအဖြစ် နယူးဇီလန်နဲ့ စကင်ဒီနေဗီးယားနိုင်ငံတို့နဲ့အတူ အမြဲတစေ ပါဝင်လေ့ရှိတာကို အားကျဖွယ်တွေ့ရပါတယ်။ 

ပင်လယ်ရေပတ်လည်ဝိုင်းရံလျက်ရှိတဲ့ ကျွန်းနိုင်ငံဖြစ်တဲ့ စင်ကာပူဟာ ၁၉၆၀ ပြည့်နှစ်များမှာ ဧရိယာ ၂၂၄ ဒသမ ၅ စတုရန်းမိုင်သာ ရှိခဲ့သော်လည်း ပင်လယ်ပြင်အတွင်းမြေဖို့ပြီး မြေနေရာအသစ်များ ချဲ့ထွင်နိုင်ခဲ့ခြင်းကြောင့် အခုအခါ World data info အရ ၂၇၈ စတုရန်းမိုင်အထိ ရှိလာခဲ့ပါတယ်။ ၂၀၃၀ ပြည့်နှစ်မှာ နောက်ထပ် စတုရန်းမိုင် ၄၀ ထပ်မံတိုးချဲ့ရန် စီမံကိန်းချမှတ်လုပ်ဆောင်လျက် ရှိကြောင်းလည်း သိရပါတယ်။ သေးငယ်တဲ့ကျွန်းတွေကို မြေဖို့ပေါင်းစပ်ပြီး ကျယ်ပြန့်ကြီးမားပြီး အလုပ်လုပ်ရန် အဆင်ပြေတဲ့ကျွန်းများအဖြစ် တည်ဆောက်မယ့် စီမံကိန်းဖြစ်ပါတယ်။ နိုင်ငံကုန်းမြေရဲ့ ၁၀ ရာခိုင် နှုန်းခန့်ကို ပန်းခြံတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာနေရာတွေ အဖြစ် ချန်ထားတာတွေ့ရပြီး Yale Center for Environmental Law & Policy ရဲ့ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး  စွမ်းဆောင်မှုညွှန်းကိန်းမှာ အဆင့်(၄) ရရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံ၏စီးပွားရေး

အာဆီယံအဖွဲ့ စတင်ဖွဲ့စည်းတဲ့ စဦး ငါးနိုင်ငံမှာပါဝင်တဲ့ စင်ကာပူနိုင်ငံဟာ အာဆီယံဒေသတွင်းရင်းနှီးမြှုပ်နှံမှုနဲ့  စီးပွားရေးခိုင်မာ အားကောင်းစေရေးအတွက် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသနဲ့ အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသ (ASEAN Free Trade Area and the ASEAN Investment Area)တို့ ဖြစ်ပေါ်လာစေရန် အခိုင်အမာ အားပေးသူဖြစ်ပါတယ်။ ယခင်ဝန်ကြီးချုပ်  ဂိုချောက်တောင်က အာဆီယံစီးပွားရေး အသိုက်အဝန်းဖြစ်ပေါ်စေရန်  အဆိုပြုခဲ့ပြီး ဘုံဈေးကွက်တစ်ခုဖြစ်စေရန်အထိ ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံဟာ အာရှ- ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်ရုံး ရုံးစိုက်ရာဖြစ်သလို အခြားသောဒေသ ဆိုင်ရာအဖွဲ့အစည်းများဖြစ်တဲ့ အာရှ-ဥရောပအစည်းအဝေးအဖွဲ့၊ အရှေ့အာရှနှင့် လက်တင်အမေရိကပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၊ အာရှကွန်ရက်နှင့်  အရှေ့အာရှထိပ်သီး အစည်းအဝေးအဖွဲ့တို့မှာလည်း ပါဝင်ပါတယ်။ ဘက်မလိုက်လှုပ်ရှားမှုရဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သလို ဓနသဟာယအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့အကြား နီးကပ်တဲ့ဆက်ဆံရေးရှိပြီး လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်လည်း ရရှိထားတာ တွေ့ရပါတယ်။
 
စင်ကာပူနိုင်ငံဟာ  စီးပွားရေးစနစ်အားဖြင့် အလွတ်လပ်ဆုံး၊ တီထွင်ကြံဆမှုအကောင်းဆုံး၊ ပြိုင်ဆိုင်မှုအများဆုံးနဲ့  စီးပွားရေး လုပ်ရန်အကောင်းဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်  စီးပွားရေး လွတ်လပ်မှုညွှန်းကိန်းအရ ကမ္ဘာပေါ်မှာ စီးပွားရေးအရ ဒုတိယမြောက် လွတ်လပ်မှုအရှိဆုံးနိုင်ငံလို့ဆိုပါတယ်။  စီမံခန့်ခွဲမှုဖွံ့ဖြိုးရေးနိုင်ငံ တကာအဖွဲ့(International Institute for Management Develop-ment)ရဲ့ နိုင်ငံပေါင်း ၆၄ နိုင်ငံ ကမ္ဘာ့ယှဉ်ပြိုင်မှုအဆင့် (World’s Competitive Ranking) သတ်မှတ်ချက်အရ ၂၀၂၃ ခုနှစ်မှာ စီးပွားရေး အရ ယှဉ်ပြိုင်မှုအားအကောင်းဆုံး ကမ္ဘာ့အဆင့် (၄)နေရာမှာ ရပ်တည် လျက်ရှိတာကိုတွေ့ရပြီး တစ်ဦးချင်း GDP တတိယအမြင့်ဆုံးဖြစ်တာ တွေ့ရှိရပါတယ်။
 
ဟောင်ကောင်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့နဲ့အတူ အာရှကျား လေးကောင်မှာပါဝင်ခဲ့ပြီး ယခုအခါ လူတစ်ဦးချင်းအလိုက် GDP အရ အခြားကျားသုံးကောင်ကို ကျော်တက်သွားခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုနဲ့ ငွေကြေးစီးဆင်းမှုဟာ GDP ရဲ့ ၄၀ ဒသမ ၇၉ ရာခိုင်နှုန်းခန့်ရှိပြီး ကမ္ဘာတစ်ဝန်း ကုန်တင်ပို့မှုအများဆုံးအဆင့်မှာ အဆင့် ၁၄၊ ကုန်တင်သွင်းမှုမှာ အဆင့် ၁၅ ဖြစ်တာ တွေ့ရပါတယ်။ ထိပ်တန်းပြည်ပပို့ကုန်တွေကတော့ သန့်စင်ပြီးရေနံ၊ အိုင်စီ၊ ဆားကစ်နဲ့ ကွန်ပျူတာတို့ဖြစ်ကြပြီး ကမ္ဘာပေါ်ရှိ ထိပ်တန်းရေနံချက်လုပ်ရာ နေရာသုံးခုမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရေနံတူးစင် အများဆုံးထုတ်လုပ်ရာနဲ့ သင်္ဘောများပြင်ဆင်ရာ အဓိကနေရာတစ်ခု ဖြစ်ပြီး ကမ္ဘာ့အချက်အချာ သင်္ဘောဆိပ်ကမ်းမြို့တော်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာငွေကြေးဆိုင်ရာဗဟိုရဲ့ စစ်တမ်းအရ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့တတိယမြောက် နိုင်ငံခြားငွေလဲလှယ်မှုဗဟိုနဲ့ ငွေကြေးဆိုင်ရာဗဟိုဖြစ်တယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း  ဒုတိယမြောက်အကြီးဆုံး ကာဆီနိုလောင်းကစားပြုရာနေရာ ဖြစ်ပြန်ပါတယ်။

၂၀၀၄ ခုနှစ်မှာ လီကွမ်ယုရဲ့သားအကြီးဆုံးဖြစ်သူ လီရှန်လုံးဟာ စင်ကာပူနိုင်ငံရဲ့ တတိယမြောက်ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး သူ့ရဲ့ အများနဲ့မတူ တစ်မူကွဲပြားတဲ့ စီမံဆောင်ရွက်မှုတစ်ခုကတော့ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ဖို့ ကာစီနိုလောင်းကစားရုံတွေ ဖွင့်လှစ်ဖို့ စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ နိုင်ငံစီးပွားရေးရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ခရီးသွားတွေကိုဆွဲဆောင်နိုင်ဖို့ ကာစီနိုတွေဖွင့်ခဲ့တာဟာ မှန်ကန်ခဲ့တယ်လို့ ဆိုရမှာပါ။ ခုတော့ စင်ကာပူမှာ ကာစီနိုဟာ ဖျော်ဖြေရေးသက်သက် လောင်းကစားလုပ်ငန်းတစ်ခုမျှသာမကဘဲ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး မှုမှာပါ တစ်စိတ်တစ်ပိုင်းပါဝင်နေတာ တွေ့မြင်ရပါတယ်။ ၂၀၂၂ ခုနှစ် အတွင်းက SM News  Channel ရဲ့  ဖော်ပြချက်အရ  ကာစီနို လောင်းကစားရုံများဟာ စင်ကာပူနိုင်ငံရဲ့စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းကို များစွာအထောက်အကူပြုနိုင်လျက်ရှိတာတွေ့ရပြီး နိုင်ငံ့စီးပွားရေးကို စင်ကာပူဒေါ်လာ ၃ ဒသမ ၅ ဘီလီယံကျော်အထိ ပံ့ပိုးပေးနိုင်ခဲ့တဲ့အပြင် အလုပ်အကိုင်ပေါင်း ၃၃၀၀၀ ခန့် ဖန်တီးပေးနိုင်ခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် ကျန်းမာရေးခရီးသွားလုပ်ငန်းအနေနဲ့လည်း အာရှမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အကောင်းဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့အဆင့် ၁၀ ဖြစ်ခဲ့ရာမှ အခု ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့အဆင့် ၁ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံခြားသားပေါင်း နှစ်သိန်းကျော်  နှစ်စဉ် လာရောက်ဆေးကုသမှုခံယူကြတယ်လို့ သိရပါတယ်။ စင်ကာပူနိုင်ငံဟာ ကမ္ဘာ့အကောင်းမွန်ဆုံးပညာရေးစနစ်ရှိတဲ့ ၁၀ နိုင်ငံစာရင်းမှာ ပါဝင်ပြီး နှစ်စဉ်ကမ္ဘာတစ်ဝန်းက နိုင်ငံတကာကျောင်းသားပေါင်း ၅၅၀၀၀ ကျော် လာရောက်ပညာသင်ကြားလေ့ရှိတာ တွေ့ရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ တက္ကသိုလ်များအဆင့်သတ်မှတ်မှုအနေနဲ့လည်း အဆင့် ၈ မှာရှိပြီး အာရှအဆင့်သတ်မှတ်မှုမှာ အဆင့် ၁ ဖြစ်ပါတယ်။

 ၂၀၂၂ ခုနှစ် စင်ကာပူနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု

စင်ကာပူနိုင်ငံရဲ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်မှာ ၈ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ရာက ၂၀၂၂ ခုနှစ်မှာတော့ တစ်နှစ်လုံးအတွက် ၃ ဒသမ ၆ ရာခိုင်နှုန်းသာ တိုးတက်မှုရှိခဲ့တာ တွေ့ရပါတယ်။ ကုန်ထုတ်လုပ်မှု ကဏ္ဍအနေနဲ့ ၂၀၂၁ ခုနှစ်မှာ ၁၃ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်မှာတော့ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ တိုးတက်ခဲ့တာဖြစ်ပေမယ့် ဓာတု ပစ္စည်းများနဲ့ ဇီဝဆေးပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများမှအပ အခြား ကဏ္ဍအားလုံး တိုးချဲ့ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ ဆောက်လုပ်ရေး ကဏ္ဍမှာ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ဆောက်လုပ်ရေးလုပ်ငန်း နှစ်ခုလုံးအနေနဲ့ ၂၀၂၁ ခုနှစ်မှာ ၂၀ ဒသမ ၅ ရာခိုင်နှုန်း တိုးချဲ့ဆောင်ရွက်နိုင်သော်လည်း ၆ ဒသမ ၇ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပါတယ်။ စက်မှုထုတ်လုပ်ရေး ဝန်ဆောင်မှုလုပ်ငန်းများအနေနဲ့လည်း ၂၀၂၁ ခုနှစ်က ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးချဲ့ဆောင်ရွက်ခဲ့ရာမှာ ၂၀၂၂ ခုနှစ်မှာ ၄ ဒသမ ၈ ရာခိုင်နှုန်းသာ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့တာတွေ့ရပါတယ်။ လက်ကားကုန်သွယ်မှု၊ အခြားဝန်ဆောင်မှုများနဲ့  သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကဏ္ဍများရဲ့ ထောက်ကန်ပံ့ပိုးမှုက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကမောင်းနှင်အားလို့ ဆိုရမှာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွက် စီးပွားရေးအလားအလာ

စင်ကာပူနိုင်ငံရဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ စီးပွားရေးစစ်တမ်းအရ စင်ကာပူနိုင်ငံရဲ့  ပြင်ပဝယ်လိုအားအလားအလာဟာ အနည်းငယ်တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာလုံးဆိုင်ရာနဲ့ ပြည်တွင်းစီးပွားရေး အခြေအနေကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် ၂၀၂၃ ခုနှစ်မှာ GDP တိုးတက်မှုနှုန်းကို ၀ ဒသမ ၅ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်း အကြား ထိန်းထားနိုင်ဖို့ မျှော်မှန်းဆောင်ရွက်နေတာ တွေ့ရပါတယ်။ ပထမသုံးလပတ်အတွင်း ကမ္ဘာလုံးဆိုင်ရာစောင့်ကြည့်မှု စစ်တမ်းတွေ အရ ၂၀၂၃ ခုနှစ်မှာ ငွေကြေးကဏ္ဍအပါအဝင် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများမှာပါ  စင်ကာပူဟာ  ထိပ်ဆုံးမှာရပ်တည်လာနိုင်တာကို အားကျဖွယ်တွေ့မြင်ရပါတယ်။

စင်ကာပူနိုင်ငံရဲ့ စီးပွားရေးမူဝါဒ

စင်ကာပူနိုင်ငံရဲ့စီးပွားရေးအောင်မြင်မှုဟာ ရေရှည်ရင်းနှီးမြှုပ်နှံမှုကို အထောက်အပံ့ပြုတဲ့ ဝန်းကျင်ကောင်းကို ထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်ပြီး ခိုင်မာအားကောင်းတဲ့ မက်ခရိုစီးပွားရေးမူဝါဒများအပေါ် အခြေခံထားတာ တွေ့ရပါတယ်။ စီးပွားရေးပညာရှင်များရဲ့အဆိုအရ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ မက်ခရိုစီးပွားရေးအပေါ် များစွာမှီတည်မှုရှိပြီး မက်ခရိုစီးပွားရေးကို သိရှိနားလည်ခြင်းက မှန်ကန်တဲ့ စီးပွားရေးမူဝါဒတွေရေးဆွဲဖို့၊ နိုင်ငံတကာစီးပွားရေးမူ ဝါဒများနဲ့ ဟန်ချက်ညီစွာဆောင်ရွက်နိုင်ဖို့အတွက် များစွာအထောက် အကူပြုနိုင်တယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။ ဒါ့အပြင် မက်ခရိုစီးပွားရေးပညာဟာ ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ပေါများမှု၊  ငွေကြေး ဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းမတည်ငြိမ်မှု အစရှိတဲ့ စီးပွားရေးပြဿနာ အရပ်ရပ်ကို ဖြေရှင်းရာမှာလည်း များစွာအထောက်အကူပြုတယ်လို့ ဆိုပါတယ်။

၁၉၆၅ ခုနှစ် လွတ်လပ်ရေးရပြီးချိန်ကစပြီး  စင်ကာပူနိုင်ငံရဲ့ စီးပွားရေးဟာ လျင်လျင်မြန်မြန်တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ အဓိကကတော့ ပွင့်လင်းမြင်သာပြီး Outward-Oriented Development Strategy လို့ခေါ်တဲ့ ပြည်ပပို့ကုန်အသားပေး ဖွံ့ဖြိုးရေးမဟာဗျူဟာကို ကျင့်သုံးခဲ့ခြင်းပါပဲ။ ပြည်ပပို့ကုန်များကို  ထုတ်လုပ်ရာမှာလည်း လုပ်သားအင်အားသုံး ထုတ်ကုန်များမှသည် လျှပ်စစ်ပစ္စည်း၊ ဓာတုပစ္စည်းနှင့် ဇီဝဓာတုပစ္စည်းများကဲ့သို့သော တန်ဖိုးမြှင့်ထုတ်ကုန်များ အထိ ပြောင်းလဲထုတ်လုပ်လာနိုင်ခဲ့တာ တွေ့ရပါတယ်။  ငွေကြေး ဆိုင်ရာနဲ့စီးပွားရေးဝန်ဆောင်မှုကဏ္ဍများရဲ့ ဈေးကွက်ဝေစုတိုးတက်လာတာ နဲ့အမျှ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍဟာလည်း စီးပွားရေးဖွံ့ဖြိုးမှုမှာ များစွာအရေးပါလာခဲ့ပါတယ်။
 
စင်ကာပူနိုင်ငံရဲ့ GDP

GDP ရှုထောင့်ကကြည့်ရင် အာဆီယံအတွင်း ကွာဟချက်ဟာ ကြီးမားနေဆဲဖြစ်ပါတယ်။ International Monetary Fund (IMF) report အရ ၂၀၂၂ ခုနှစ်က စင်ကာပူနိုင်ငံရဲ့တစ်ဦးချင်း GDP ဟာ ၈၂၈၀၇ အမေရိကန်ဒေါ်လာဖြစ်ပြီး အာဆီယံရှိ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့မှာ ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၅၄၃၉ ဖြစ်ပါတယ်။ ဘရူနိုင်းမှာ တစ်ဦးချင်း GDP အမေရိကန်ဒေါ်လာ ၃၇၆၆၇ ရှိပြီး ကမ္ဘောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံတို့ရဲ့ တစ်ဦးချင်း GDP ဟာ အမေရိကန်ဒေါ်လာ ၁၉၀၀ ခန့်သာ ရှိတဲ့အတွက် အာဆီယံ ဒေသတွင်းမှာ စင်ကာပူဟာ တစ်ဦးချင်း GDP အမြင့်ဆုံးဖြစ်ပါတယ်။ 

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)၏ ချိတ်ဆက်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်း

Jalilian, Hossein နှင့် John Weiss တို့ရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု(FDI)နှင့် အာဆီယံဒေသတွင်း ဆင်းရဲနွမ်းပါးမှုစာတမ်းအရ ဒေသတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းမှာ FDI ဟာ အဓိကအခန်း ကဏ္ဍမှပါဝင်တာကို တွေ့ရပါတယ်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံ မှု တိုးမြင့်ခြင်းဟာ နိုင်ငံ့စီးပွားမြင့်မားရေးကို များစွာအထောက်အကူ ပြုတဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ဆင်းရဲနွမ်းပါးမှုနှုန်းကို လျှော့ချပေးနိုင်တာ အမှန်ပဲဖြစ်ပါတယ်။

စင်ကာပူအစိုးရရဲ့စာရင်းအချက်အလက်များအရ ၁၉၉၄ မှ ၂၀၁၉ ခုနှစ်အထိ စင်ကာပူနိုင်ငံဟာ လာအိုနဲ့ ကမ္ဘောဒီးယားတို့ထက် အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်းတို့မှာ ပိုပြီးရင်းနှီးမြှုပ်နှံထားတာ တွေ့ရတဲ့အပြင် ရင်းနှီးမြှုပ်နှံမှုပမာဏအနေနဲ့လည်း တိုးမြှင့်တဲ့ဘက်ကိုသာ သွားတာတွေ့ရပါတယ်။ ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှာ ၁၉၉၄ မှ ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၂၈ ဒသမ ၅ သန်းရှိခဲ့ရာမှ ၂၀၀၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၉၄ ဒသမ ၉ သန်းအထိရှိခဲ့ပြီး ၅၁ ဒသမ ၆ ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၂၆၈ ဒသမ ၂ သန်းအထိ ရောက်ရှိခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာလည်း ၁၉၉၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၂၃၅၉ ဒသမ ၉ သန်းသာရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၆၅၂၃၃ ဒသမ ၆ သန်းအထိရောက်ရှိခဲ့ကာ ၂၇ ဒသမ ၆ ဆအထိ တိုးလာ ခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ ၁၉၉၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၈၁၈၂ ဒသမ ၃ သန်း ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅၄၂၉၃ ဒသမ ၆ သန်းအထိ ရောက်ရှိကာ ၆ ဒသမ ၆ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၉၈ ခုနှစ်က အမေရိကန်ဒေါ်လာ ၂၂၉ ဒသမ ၉ သန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၈၇၃၂ ဒသမ ၂ သန်းအထိ ရောက်ရှိကာ ၃၇ ဒသမ ၉ ဆ တိုးလာခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ၁၉၉၄ ခုနှစ်က ၄၄၅ ဒသမ ၂ သန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ ၈၈၄၈ ဒသမ ၉ သန်းအထိ တိုးတက်လာခဲ့ပြီး ၁၉ ဒသမ ၈ ဆ တိုးလာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ၁၉၉၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၀၇၃ ဒသမ ၆ သန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃၁၁၃၅ ဒသမ ၄ သန်းအထိ ရောက်ရှိကာ ၂၉ ဆ တိုးလာခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ၁၉၉၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၇၂ သန်း ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၂၁၉၉ ဒသမ ၈ သန်း အထိ ရောက်ရှိကာ အဆ ၇၀ တိုးလာခဲ့ပါတယ်။

အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ပြီး ၁၉၉၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၃၅၉ ဒသမ ၉ သန်းရှိခဲ့ရာ အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ၁၈ ဒသမ ၉ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံ မှာ အမေရိကန်ဒေါ်လာ ၆၅၂၃၃ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး ဒီပမာဏဟာ အာဆီယံနိုင်ငံများရဲ့ ၃၅ ဒသမ ၄ ရာခိုင်နှုန်းခန့်ရှိလို့ အာဆီယံဒေသတွင်း ထိပ်တန်းရင်းနှီးမြှုပ်နှံသူ ဖြစ်လာခဲ့ပါတယ်။ 

မလေးရှားနိုင်ငံမှာ ၁၉၉၄ ခုနှစ်က စင်ကာပူနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၈၁၈၂ ဒသမ ၃ သန်းရှိခဲ့ပြီး အရှေ့ တောင် အာရှတစ်ခုလုံးရဲ့ ၆၅ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ပထမနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၅၄၂၉၃ ဒသမ ၆ သန်းရှိခဲ့ပြီး အရှေ့တောင်အာရှရဲ့ ၂၉ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့လို့ စင်ကာပူနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်စေခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် စင်ကာပူနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုအနည်းဆုံး နိုင်ငံများကတော့ မြန်မာ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ပါတယ်။ 

အထက်မှာဆိုခဲ့သလိုပဲ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)ဟာ ဆင်းရဲမှုလျှော့ချရေးနဲ့ နိုင်ငံ့စီးပွားမြင့်မားရေးမှာ အဓိကကျတဲ့အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာစေမယ့် ဝန်းကျင်ကောင်းမျိုး ဖန်တီးပေးနိုင်ဖို့လိုပါတယ်။  ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုအဆင်ပြေတိုးတက်ရင် ဝင်ငွေတိုးပြီး စီးပွားရေးကောင်းမယ်။ စီးပွားရေးကောင်းပြီး ဝင်ငွေတိုးမှသာ အခြေခံအဆောက်အဦဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ပိုမိုကြည့်ရှုလုပ်ဆောင် လာနိုင်မှာဖြစ်ပါတယ်။ လူမှုကာကွယ်စောင့်ရှောက်ရေးတွေ ပိုမို ဆောင်ရွက်လာနိုင်မှ လူမှုဘဝလုံခြုံမှုတိုးမြင့်လာမှာဖြစ်သလို တစ်ဖက်မှာလည်း ဝင်ငွေတိုးပွားမှုကြောင့် ဆင်းရဲမှုမှ လွတ်ကင်းနိုင်မှာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာတော့ လူမှုကာကွယ်စောင့်ရှောက်ရေး (Social Safety)အနေနဲ့ အိမ်ရာပိုင်ဆိုင်မှု၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ပညာရေးနဲ့ အငြိမ်းစားယူချိန်လိုအပ်ချက်များ စတဲ့ ကဏ္ဍငါးရပ်ကို အဓိကထားပြီး ComCare Services ကို အစိုးရက ဆောင်ရွက်ပေး လျက်ရှိတာ တွေ့ရပါတယ်။ ဒီ ComCare Services မှာ ကာလတို၊ ကာလလတ်၊ ကာလရှည် ထောက်ပံ့ကူညီမှုအစီအမံတွေ ပါဝင်သလို ကြားကာလ အကူအညီပေးရေးအစီအမံတွေ၊ ကလေးများအတွက် အကူအညီပေးရေးအစီအမံတွေပါဝင်တာ သဘောကျဖွယ် တွေ့မြင်ရပါတယ်။ 

လေ့လာသုံးသပ်ချက်

စင်ကာပူနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များကို လေ့လာကြည့်ရာမှာ စင်ကာပူဟာ ၎င်းတို့ရဲ့ ရေရှည်စီးပွားရေးမဟာဗျူဟာများ၊ မူဝါဒများကို စဉ်ဆက်မပြတ် အကဲဖြတ်စစ်ဆေးပြီး ပြောင်းလဲနေတဲ့စိန်ခေါ်မှုများနဲ့ လိုက်လျော ညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်တာကို တွေ့ရပါ တယ်။ နိုင်ငံရေးတည်ငြိမ်မှုရှိခြင်းဟာလည်း ဈေးကွက်စီးပွားရေး တည်ငြိမ်မှုရှိရခြင်းရဲ့အကြောင်းတရားတစ်ခု ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ဆက်သွယ်ရေးစနစ်ရှိပြီး အခြေခံအဆောက်အဦများပြည့်စုံ ခြင်း၊ လူသားအရင်းအမြစ် ပညာတတ်များ၊ ကျွမ်းကျင်ပညာတတ် လုပ်သားများရှိခြင်း၊ ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ပညာရေးအညွှန်း ကိန်းမှာ စင်ကာပူဟာ အဆင့် ၁၀ မှာရှိတာကြောင့် ပညာရေးစနစ် ကောင်းမွန်ပြီး လုပ်ငန်းနယ်ပယ်အလိုက် လိုအပ်တဲ့ပညာတတ်များ၊ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု(FDI)အနေနဲ့လည်း  အာရှဈေးကွက်အပါအဝင်  နိုင်ငံအများစုမှ ရင်းနှီးမြှုပ်နှံနေသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ကောင်းမွန် စွာ ဆွဲဆောင်နိုင်မှုရှိခြင်း၊ ငွေကြေးဖောင်းပွမှုမရှိဘဲ တည်ငြိမ်မှုရှိခြင်း၊ အခွန်ဆိုင်ရာမူဝါဒများဟာ စီးပွားရေးကို ပို၍ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရန် နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခြင်း၊ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရစနစ်ရှိခြင်း၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းမှုရှိခြင်း၊ နိုင်ငံတွင်း ဘက်လိုက်ခြစားမှုကင်းစင်ခြင်း၊ စီးပွားရေးလုပ်ရန် လွယ်ကူ အဆင်ပြေတဲ့ နိုင်ငံများစာရင်းမှာလည်း နှစ်စဉ် အကောင်းဆုံး အဆင့် ၁ မှ ၁၀ နိုင်ငံအတွင်း ပါဝင်မှုရှိခြင်း စတဲ့ အားသာချက်များကို တွေ့ရှိ ရပါတယ်။ 

အားကျအတုယူဖွယ်ရာများကို အတုယူပြီး ကိုယ့်နိုင်ငံအခြေအနေ ပေါ်မူတည်ပြီး ဆောင်ရွက်ကြရန်လိုအပ်သလို အချို့ကိစ္စတွေမှာ နိုင်ငံ တိုင်းရဲ့ အကျိုးစီးပွားဆက်စပ်မှု၊  နိုင်ငံရေးဆက်စပ်မှုတွေကြောင့် အချို့ဆောင်ရွက်ချက်တွေအပေါ်မှာ မကျေနပ်စရာတွေလည်း ရှိပါ တယ်။ ဥပမာ-မကြာသေးခင်ရက်က“UOB”ဘဏ်က “MAI” ဘဏ် အကောင့်တွေကို ပိတ်တာကြားလိုက်ပါတယ်။ အင်အားကြီးနေချိန်၊ စီးပွားရေးကောင်းမွန်နေချိန်ဖြစ်လို့၊ အဘက်ဘက်ကပြည့်စုံနေလို့ လုပ်လို့ရလို့ လုပ်တာပါပဲ။ ကျွန်တော်တို့ နိုင်ငံသားတွေအနေနဲ့ ဒါကို မြင်တတ်ဖို့လိုတယ်။ ပြည်တွင်းစည်းလုံးရင်၊ အင်အားတောင့်တင်းရင် နိုင်ငံတည်ငြိမ်အောင်၊ ငြိမ်းချမ်းအောင်၊ နိုင်ငံ့စီးပွားရေး ပြန်လည် ဦးမော့လာအောင် လုပ်ဆောင်လာနိုင်မယ်။ လုပ်လည်း လုပ်ကြရမယ်။ အခြားနိုင်ငံတွေကို ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားကြရမယ်။ အခြားနိုင်ငံက မထီမဲ့မြင်လုပ်တာ မခံရစေဖို့ အင်အားတောင့်တင်းအောင်လုပ်ကြရမယ်။ အမုန်းတရားတွေမရှိအောင် အာဃာတတရားတွေ ဖြေဖျောက် ကြရမယ်။ နိုင်ငံနဲ့နိုင်ငံသားတွေအတွက်၊ အနာဂတ်မြန်မာနိုင်ငံအတွက် အစစအရာရာ စဉ်းစားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် စာရေးသူတို့နိုင်ငံအနေနဲ့လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုကို အထောက်အပံ့ပြုတဲ့ ဝန်းကျင် ကောင်းမျိုး ဖန်တီးပေးနိုင်ဖို့လိုအပ်သလို စင်ကာပူအပါအဝင် ပြည်ပ ပို့ကုန်အသားပေး ဖွံ့ဖြိုးရေးမဟာဗျူဟာနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများအဖြစ် ရောက်ရှိသွားကြတဲ့ နိုင်ငံများကို စံနမူနာပြုပြီး ပို့ကုန်အရည်အသွေးရှိ တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်ရေးကို  ဦးတည် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့သလို နိုင်ငံရေး တည်ငြိမ်မှုရှိခြင်းဟာ ဈေးကွက်စီးပွားရေး တည်ငြိမ်မှုရှိရခြင်းရဲ့ အကြောင်းတရားတစ်ခုဖြစ်တဲ့အတွက် ပြည်တွင်းတည်ငြိမ်အေးချမ်း မှုရှိဖို့ဟာလည်း အင်မတန်အရေးကြီးပါတယ်။ စာရေးသူ စာရေး ဖြစ်တိုင်း ပြောခဲ့သလိုပါပဲ။ တည်ငြိမ်အေးချမ်းမှုရှိမှသာ ကဏ္ဍစုံဖွံ့ဖြိုး ရေးဆီ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် အားလုံးမှာ တာဝန် ရှိပါတယ်။ 

“တစ်ယောက်အားနဲ့ ယူသော်မရ၊ တစ်သောင်းအားဖြင့် ယူသော် ရ၏” ဆိုသလိုပဲ။ ကောင်းမွန်တဲ့အရွေ့တစ်ခု ဖန်တီးနိုင်အောင်၊ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပြုတဲ့ဝန်းကျင်ကောင်းမျိုး ပိုင်ဆိုင် တဲ့ နိုင်ငံတစ်ခုဖြစ်အောင် တက်ညီလက်ညီ ကြိုးစားသွားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။        ။

ရည်ညွှန်းကိုးကားချက်    
https://www.worlddata.info/asia/singapore/index.php 
https://epi.yale.edu/about-epi 
https://www.statista.com/statistics/1376359/health-and-health-system-ranking-of-countries-worldwide/ 
https://wisevoter.com/country-rankings/education-rankings-by-country/ 
https://www.trade.gov/country-commercial-guides/singapore-education-and-training-services-industry-snapshot 
https://www.mti.gov.sg/Newsroom/Press-Releases/ 2023/05/MTI-Maintains-2023-GDP-Growth-Forecast-at-0 5-to-2_5-Per-Cent 
https://news-eleven.com/editorials/75408 (မက်ခရို စီးပွားရေးပညာ)
https://www.macrotrends.net/countries/SGP/singapore/gni-per-capita 
University of British Columbia, USDpages (Foreign Cur-rency Units per 1 U.S. Dollar, 1950-2022), https://fx.sauder.ubc.ca