စင်ကာပူနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် လောရန့်စ်ဝေါင် စတုတ္ထမြောက် ၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆို

စင်ကာပူ၊ မေ ၁၅

စင်ကာပူနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် လောရန့်စ်ဝေါင်သည် နိုင်ငံ၏ စတုတ္ထမြောက်ဝန်ကြီးချုပ်အဖြစ် မေ ၁၅ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

စင်ကာပူနိုင်ငံသည် ပြည်တွင်းနှင့် နိုင်ငံတကာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်တွင် လောရန့်စ်ဝေါင်သည် စတုတ္ထမြောက်ဝန်ကြီး ချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆို ခဲ့ခြင်းဖြစ်သည်။ လောရန့်စ်ဝေါင်သည် ပထမဆုံး နိုင်ငံဝန်ကြီးချုပ်နှင့် နိုင်ငံတည်ထောင်သူ လီကွမ်ယု၏ အကြီးဆုံးသားဖြစ်သူ လီရှန်လွန်းနေရာကို ဆက်ခံမည်ဖြစ်သည်။

အသက် ၅၁ နှစ် အရွယ်ရှိသည့် လောရန့်စ်ဝေါင်သည် လူလတ် တန်းစားမိသားစုမှ ဆင်းသက်လာသူဖြစ်သည်။  ဝန်ကြီးချုပ် လီရှန်လွန်း၏ရုံးခန်းတွင် အဆင့်မြင့်အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပါလီမန်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

လောရန့်စ်ဝေါင်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၂၀၂၂ ခုနှစ်တွင် ဝန်ကြီးချုပ် လီရှန်လွန်းက လောရန့်စ်ဝေါင် အား ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ဝန်ကြီးချုပ် လီရှန်လွန်းသည် လောရန့်စ်ဝေါင်၏ လက်ထက်တွင် အစိုးရအဖွဲ့ဝန်ကြီးအဖြစ် တာဝန်ဆက်လက်ထမ်းရွက်မည်ဖြစ်သည်။

ကလေးမွေးဖွားနှုန်း ကျဆင်းမှုနှင့် အမေရိကန်-တရုတ် တင်းမာမှုများကြားတွင် လောရန့်စ်ဝေါင်သည် စင်ကာပူနိုင်ငံကို မည်သို့ဦးဆောင် ထိန်းကျောင်းကိုင်တွယ်သွားမည်ဆိုသည်ကို ပြည်သူများက စိတ်ဝင်စားနေကြသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်