စင်ကာပူနိုင်ငံက အာဖရိက ၁၀ နိုင်ငံအား ခရီးသွားလာခွင့် ပိတ်ပင်ထားမှု ရုပ်သိမ်း

စင်ကာပူ ဒီဇင်ဘာ ၂၈

 

စင်ကာပူနိုင်ငံသည် အာဖရိကတိုက်မှ နိုင်ငံပေါင်း ၁၀ နိုင်ငံအား နိုင်ငံအတွင်း ဝင်ရောက်ခွင့် သို့မဟုတ် ဖြတ်သန်းသွားလာခွင့်ဆိုင်ရာ ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို ရုပ်သိမ်းပေးခဲ့ကြောင်း စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

 

စင်ကာပူနိုင်ငံက ခရီးသွားလာခွင့် ပိတ်ပင်ထား သည့် အာဖရိကနိုင်ငံ ၁၀ နိုင်ငံမှာ ဘော့ဆွာနာ၊ အက်ဆွာတနီ၊ ဂါနာ၊ လီဆိုသို၊ မာလာဝီ၊ မိုဇမ်ဘစ်၊ နမီးဘီးယား၊ နိုင်ဂျီးရီးယား၊ တောင်အာဖရိကနှင့် ဇင်ဘာဘွေနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

 

စင်ကာပူနိုင်ငံသည် နိုင်ငံအတွင်း အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို လျှော့ချနိုင် ရန် အာဖရိကနိုင်ငံပေါင်း ၁၀ နိုင်ငံမှ ခရီးသွားများအား ခရီးသွားလာခွင့် ပိတ်ပင်တားမြစ်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၂၆ ရက်တွင် စင်ကာပူနိုင်ငံ၌ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၄ ဦးရှိကြောင်း၊ ယင်းတို့အနက် ၇၃ ဦးသည် ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများဖြစ်ကြောင်းနှင့် ၃၁ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ကိုးကား-စီအင်န်အေ

ဘာသာပြန်-အလင်းသစ်