ဇွန် ၃၀
အင်ဒိုနီးရှားနိုင်ငံသည် စင်ကာပူသို့ အရည်အသွေးမြင့်ဆန်တန်ချိန် ၁၀၀၀၀ ထက်မနည်း တင်ပို့ရန် ကမ်းလှမ်းထားကြောင်း အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး အန်ဒီ အမ်ရန် ဆူလိုင်မန်က ယမန်နေ့က ပြောကြားခဲ့သည်။
စင်ကာပူရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဂရေ့စ် ဖူနှင့် အန်ဒီအမ်ရန် ဆူလိုင်မန်တို့ ဂျကာတာတွင် တွေ့ဆုံစဉ် ယင်းသို့အဆိုပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါပို့ကုန်အခွင့်အလမ်းသည် အင်ဒိုနီးရှား၏ လက်ရှိ ဆန်ထုတ်လုပ်မှုမြင့်မားခြင်းကြောင့် ဖြစ်သည်ဟု အမ်ရန်က ပြောကြားခဲ့သည်။ အစိုးရ၏အရန်ဆန်သည် တန်ချိန် ၅ ဒသမ ၁ သန်းခန့် အထိရှိကြောင်း ဖော်ပြထားသည်။
အင်ဒိုနီးရှားနိုင်ငံသည် ကြက်သား၊ ကြက်ဥ၊ စားအုန်းဆီနှင့် အုန်းသီးများ အပါအဝင် အခြား မဟာဗျူဟာကျသောစားသောက်ကုန်များ စင်ကာပူသို့ တင်ပို့မှုတိုးမြှင့်ရန်နည်းလမ်းများကိုလည်း ရှာဖွေလေ့လာလျက်ရှိသည်ဟု အမ်ရန်က ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


