စင်္ကာပူတွင် သတင်းတု၊ သတင်းအမှားဉပဒေ ကို ပထမဆုံးအကြိမ် စတင်ကျင့်သုံး

စင်္ကာပူ ၂၆ နိုဝင်ဘာ

အတိုက်အခံပါတီအဖွဲ့ဝင်တစ်ဦး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ပို့စ်တစ်ခုအပေါ်ရည်ရွယ်၍ သတင်းတု၊ သတင်းမှားများကို ဆန့်ကျင်သည့် ဉပ‌ဒေတစ်ရပ်နှင့် ပတ်သက်ပြီး စင်္ကာပူတွင် ပထမဆုံးအကြိမ် စတင်ကျင့်သုံးခဲ့ကြောင်း သိရသည်။

နိုင်ငံရေးသမားတစ်ဦးဖြစ်သော ဘရတ်ဘိုရာသည် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် အကြောင်းအရာတစ်ခုကို မှားယွင်းစွာ ဖော်ပြခဲ့သည့်အတွက် အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် ကုမ္ပဏီများက အမှားအား ပြန်လည်ပြင်ဆင်ရန် တောင်းဆိုခဲ့ကြသည်ဟု စင်္ကာပူအာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။ 

ဘိုရာသည် ယခုလအစောပိုင်းတွင် ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ကုမ္ပဏီများအနေနှင့် အိန္ဒိယရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စင်္ကာပူဒေါ်လာ ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်ဟု ရေးသားဖော်ပြခဲ့သည်။ ကုမ္ပဏီများအနေနှင့် အစိုးရ၏ သဘောဆန္ဒများအရ လိုက်လျောဆောင်ရွက်နေရကြောင်း သွယ်ဝိုက်ဖော်ပြခဲ့သည်။ 

အာဏာပိုင်များက အဆိုပါစီမံကိန်း၏ နောက်ကွယ်တွင် အစိုးရနှင့် ပတ်သက်မှုမရှိကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်ကို စင်္ကာပူဒေါ်လာ မီလီယံ ပမာဏအထိသာ ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။ ဘိုရာ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်က အမှားပြင်ဆင်ချက်တွင် သတင်းတု၊ သတင်းအမှားအသုံးပြုခြင်းနှင့် အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်နေသော ကုမ္ပဏီများအပေါ် အထင်အမြင်လွဲမှားအောင် ဖော်ပြရေးသားသည်မှာ မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့သည်။ ထို့ပြင် အစိုးရအနေနှင့် ယခုထက်ပိုမို၍ ပွင့်လင်းမြင်သာမှု၊ တိကျရှင်းလင်းမှုနှင့် တာဝန်ယူမှုရှိစေရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ 

သတင်းတု၊ သတင်းအမှားနှင့်ပတ်သက်သည့် ဥပဒေကို စင်္ကာပူတွင် ပြီးခဲ့သည့်လက စတင်မိတ်ဆက်ခဲ့ပြီး လူမျိုးပေါင်းစုံနေထိုင်သော နိုင်ငံတွင် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းရန် အဆိုပါဥပဒေကို လိုအပ်ကြောင်း အစိုးရက ပြောခဲ့သည်။ နိုင်ငံရေးသဘောထား ကွဲလွဲမှုများကို နှိမ်နင်းရန် အဆိုပါဥပဒေကို အလွဲသုံးစား ပြုလုပ်နိုင်ကြောင်း အရပ်ဘက်အဖွဲ့များက ပြောခဲ့သည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်