စည်းကမ်းကောင်းမွန်သည့် ဒီမိုကရေစီစနစ်ဖော်ဆောင်

မတ် ၂၁၊ ၂၀၂၂

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးကဏ္ဍအတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်၍ စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ အထက်အောက် အပြန်အလှန် လေးစားမှုနှင့် ရဲဘော်ရဲဘက်စိတ်မွေးမြူပြီး တပ်မတော်သားကောင်း တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ထားသော အဖွဲ့အစည်းဖြစ်သည်။ စည်းကမ်းအရာတွင် စံနမူနာပြဖြစ်အောင် ထိန်းသိမ်းလျက်ရှိသဖြင့် အစဉ်အလာကောင်းသော တပ်မတော်ဖြစ်သည်။

“အဖွဲ့အစည်းတစ်ခု ခိုင်ခိုင်မာမာနှင့် အဓွန့်ရှည်ကြာစွာ ရပ်တည်နိုင်ရန်အတွက် မှန်ကန်သည့်မူဝါဒ၊ တိကျခိုင်မာသည့်စည်းမျဉ်း၊ စည်းကမ်းလိုက်နာ စောင့်ထိန်းရမည့်ဥပဒေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ကြီးကြပ်ကွပ်ကဲမှုများနှင့် စနစ်တကျ ဖွဲ့စည်းလေ့ကျင့်မှုများ ရှိရမည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်သည့် အဖွဲ့အစည်းသည် ကြာရှည်တည်တံ့ခိုင်မြဲပြီး ရည်မှန်းချက်တာဝန်များကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း စတင်သန္ဓေတည် ပေါက်ဖွားလာကတည်းက စည်းကမ်းနှင့်အမိန့် နာခံမှုကောင်းသည့် တပ်မတော်ဖြစ်သဖြင့် နိုင်ငံအတွက် အခိုင်မာဆုံး Institution ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၃) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံတွင်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုတွင်လည်းကောင်း စည်းကမ်းသည် အရေးအကြီးဆုံးလိုက်နာရမည့် အချက်များဖြစ်သည်။ စည်းကမ်း၊ လိုက်နာပါက ထိုနိုင်ငံ၊ ထိုအဖွဲ့အစည်းတို့သည် တိုးတက်ကောင်းမွန်၊ သာယာဖွံ့ဖြိုးမှုများနှင့် ပြည့်စုံနေပေမည်။ သို့သော် လူအမျိုးမျိုး၊ စိတ်အထွေထွေ၊ ခံယူချက်အမျိုးမျိုး ရှိကြသောကြောင့် ထိုနိုင်ငံ၊ ထိုလူ့အဖွဲ့အစည်းတွင် စည်းကမ်းမလိုက်နာမှုများ ပေါ်ပေါက်လေ့ရှိရာ စည်းကမ်းလိုက်နာမှု ရှိလျှင် ရှိသလောက်၊ အားနည်းလျှင် အားနည်းသလောက် ကောင်းကျိုး၊ ဆိုးမွေများကို တွေ့ကြုံခံစားကြရပေသည်။

တပ်မတော်သည် နိုင်ငံတစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ရသော အဖွဲ့အစည်းဖြစ်၍ ခိုင်မာတောင့်တင်းပြီး စနစ်တကျရှိသော အဖွဲ့အစည်းဖြစ်အောင် စည်းကမ်းကို အလေးထားလိုက်နာ ကျင့်သုံးလျက်ရှိသည်။ မြန်မာ့တပ်မတော်သည် အစဉ်အလာကောင်းသော စည်းကမ်း၊ အမိန့်၊ ဥပဒေတို့ကို အစဉ်အဆက် ထိန်းသိမ်းလိုက်နာ ကျင့်သုံးလျက်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်စတင်ဖွဲ့စည်း သန္ဓေတည်သည်မှစ၍ ယနေ့ထက်တိုင်အောင် ကျစ်လျစ်ခိုင်မာ စည်းကမ်းကောင်းသော အဖွဲ့အစည်းအဖြစ် ရပ်တည်လျက်ရှိပါသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသော နိုင်ငံဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတွင် စည်းကမ်းလိုက်နာခြင်းနှင့် ဥပဒေကို တန်ဖိုးထားလေးစားခြင်းတို့သည် အခြေခံအကျဆုံး အချက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလကို ငါးနှစ် နှစ်ကြိမ် ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ ဒီမိုကရေစီ ဒုတိယငါးနှစ်သက်တမ်းနှင့် အဆုံးသတ်ကာလ၌ ဒီမိုကရေစီကျင့်ဝတ်များနှင့် စည်းကမ်းဥပဒေတို့ကို ဖောက်ဖျက်လာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ဒီမိုကရေစီ တတိယသက်တမ်းကာလကို လက်ဆုပ်လက်ကိုင်ရရှိနိုင်ရန် မဲမသမာမှုများ ပြုလုပ်ခဲ့ပြီး ဥပဒေကိုဖောက်ဖျက်ကာ အာဏာရရေး ကြိုးပမ်းခဲ့သောကြောင့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်။

မြန်မာနိုင်ငံသည် ပြည်သူများ၏ဆန္ဒနှင့်အညီ ရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည့်အတွက် စည်းကမ်းဥပဒေကို လေးစားလိုက်နာသော တပ်မတော်အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်ရေး ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်သည်။ တပ်မတော်သည် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရ ဦးဆောင်သည် ဖြစ်စေတပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေး မူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်း ကာကွယ်သွားမည် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် နိုင်ငံတော် အချုပ်အခြာအာဏာ မဆုံးရှုံးစေရေး၊ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် နိုင်ငံသူ နိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ပေးရေးသည် တပ်မတော်၏ အဓိကတာဝန်ဖြစ်သည်။

သို့ဖြစ်ရာ အစဉ်အလာအားဖြင့် စည်းကမ်းကောင်းမွန်သော၊ ဥပဒေကို လေးစားလိုက်နာသော တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကိုရှေးရှုပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖြစ်ထွန်းလာရေးကို အမျိုးသားရေးတာဝန်အဖြစ် ကြိုးပမ်းဖော်ဆောင်သွားမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ