မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက်မှလွတ်မြောက်၍ အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံအဖြစ် ကြေညာသည့်အခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူ၍ ကမ္ဘာသိကြေညာခဲ့သည်။နယ်ချဲ့လက်အောက်သို့မရောက်မီကိုယ့်မင်းကိုယ့်ချင်း နိုင်ငံဘဝတွင်လည်း မြန်မာနိုင်ငံသည် ပဒေသရာဇ်စနစ် ပြည်ထောင်စုနိုင်ငံပင် ဖြစ်ခဲ့သည်။

 

ထိုစဉ်ကပင် မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးဗဟိုသည် နိုင်ငံ၏အချက်အချာနှလုံးသားအရပ်ဖြစ်သော မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းဒေသကို အခြေစိုက်ခဲ့သည်။ အုပ်ချုပ်ရေးဗဟိုတွင် ဗမာလူမျိုးတို့သာမက မွန်၊ ရှမ်းစသည့်လူမျိုးများလည်း မင်းဆက်များအဖြစ် ပါဝင်ခဲ့ကြသည်ကိုတွေ့နိုင်သည်။ ထိုမင်းဆက်များတွင်လည်း တိုင်းရင်းသားတို့၏သွေးများ ပါရှိနေသကဲ့သို့ မင်းမှုထမ်းများတွင်လည်း တိုင်းရင်းသားများ ပါရှိနေကြသည်ကို တွေ့နိုင်သည်။ စွမ်းရည်ထက်မြက်သည့် မင်းကောင်းမင်းမြတ်တို့ လက်ထက်တွင် ပဒေသရာဇ် ပြည်ထောင်စုမြန်မာနိုင်ငံသည် အင်အားခိုင်မာတောင့်တင်းပြီး ပတ်ဝန်းကျင်ဒေသများအထိ သြဇာလွှမ်းခြုံ နိုင်ခဲ့သည်။

 

မြန်မာတစ်နိုင်ငံလုံးကို နယ်ချဲ့တို့သိမ်းပိုက်ပြီးသည့်အခါ တစ်နိုင်ငံလုံးကို အလွယ်တကူအုပ်ချုပ်နိုင်ရန်အတွက် သွေးခွဲအုပ်ချုပ်သည့်စနစ်ကို ကျင့်သုံးခဲ့သည်။ ကမ္ဘာတစ်ဝန်းလုံးကို နေမဝင်အင်ပါယာအဖြစ် အုပ်စိုးခဲ့သည့် နယ်ချဲ့၏လက်အောက် ကျရောက်ခဲ့ရသည့် နိုင်ငံတိုင်းသွေးခွဲအုပ်ချုပ်ခံခဲ့ကြရခြင်းဖြစ်ပြီး ယင်းစနစ်၏ ဆိုးရွားသည့်အကျိုးဆက်ကို နိုင်ငံတိုင်းခံစားခဲ့ကြ ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် မြေပြန့်နှင့်တောင်တန်းဒေသများကို မတူညီသည့်အုပ်ချုပ်မှုပုံစံများကျင့်သုံး၍ အုပ်ချုပ်ခြင်း၊ အင်္ဂလိပ်ဇာတ်သွင်းခြင်း၊ အခွင့်အရေးခွဲခြားပေးခြင်းစသည့် သွေးခွဲမှုများက စိတ်ဝမ်းကွဲစရာများ၊ နာကြည်းစရာများ၊ မုန်းတီးစရာများကို မျိုးနှင့်ရိုးနှင့်ချီကာ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် နိုင်ငံလွတ်လပ်ရေးအတွက် တိုင်းရင်းသားလူမျိုးစုများအားလုံး စည်းလုံးညီညွတ်မှု ရယူရသည့်အခါ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရသည်။ နယ်ချဲ့စကား နားဝင်ထားခဲ့သည့် တိုင်းရင်းသားခေါင်းဆောင်အချို့ ထိုစဉ်ကပင် ညှိနှိုင်းရခက်ခဲ့သည်။ အများညီ၍သာ တိုင်းပြည် လွတ်လပ်ရေးရခဲ့ခြင်းဖြစ်သည်။

 

‘‘တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုး ခံစားခွင့်ရှိကြမှာပဲ၊ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား၊ အကွဲကွဲအပြားပြားလုပ်နေကြရင်အကျိုးရှိမှာမဟုတ်ဘူး၊ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်၊ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်းသိနိုင်တယ်။” ဟူ၍ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့ည၊ ပင်လုံမြို့စော်ဘွားများ ထမင်းစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ ထိုစဉ်က စည်းလုံးညီညွတ်မှုကို သက်သေပြ၍ လွတ်လပ်ရေးကို ရယူနိုင်ခဲ့သော်လည်း လွတ်လပ်ရေးရပြီးမကြာမီမှာပင် အက်ကြောင်းများထင်လာသည်။

 

လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း ၇၀ ကျော် ၈ဝ ခန့် ကြာမြင့်လာခဲ့ပြီ ဖြစ်သော်လည်း တစ်စုတစ်စည်းတည်း၊ တစ်ခဲနက်သော စည်းလုံးညီညွတ်မှုကို ပြန်လည်၍မရသေး။ မိမိတို့နိုင်ငံအတွက် စည်းလုံးညီညွတ်မှုသည် နိုင်ငံအဓွန့်ရှည်တည်တံ့ရေးအတွက် မရှိမဖြစ်လိုအပ်သကဲ့သို့ နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဓိကလိုအပ်ချက် ဖြစ်နေသည်။

 

‘‘လွတ်လပ်ရေးရပြီးတော့ စုစည်းညီညွတ်တဲ့ တိုင်းပြည်တစ်ခုဖြစ်ဖို့အတွက် အားလုံးကညီညွတ်ဖို့လိုတာပေါ့။ ညီညွတ်ရုံနဲ့မရသေးဘူး၊ တိုင်းပြည်အတွက် အလုပ်လုပ်ကြဖို့လိုပါတယ်။ စည်းကမ်း ရှိဖို့လည်းလိုတယ်။ တိုင်းပြည်မှာ စည်းကမ်းအရ လိုအပ်ချက်တွေ ရှိနေတာအမှန်ပါပဲ။ ဒါကိုစည်းကမ်းတကျ၊ ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ကြမယ်ဆိုရင်၊ စွမ်းအားရှိသမျှ အလုပ်လုပ်ကြမယ်ဆိုရင် တိုင်းပြည်မဖွံ့ဖြိုး မတိုးတက်စရာအကြောင်းမရှိပါဘူး။ ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့နိုင်ငံ မဖြစ်စရာအကြောင်းမရှိပါဘူး။ မြန်မာနိုင်ငံသားအားလုံး ခွန်အားရှိကြတယ်။ ကိုယ့်ခွန်ကိုယ့်အားကို အသုံးချနိုင်ဖို့ပဲ လိုတယ်ဆိုတာပြောပါရစေ။” ဟူ၍ (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရ၀ပြုခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပစ္စက္ခကာလ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့နှင့် စပ်လျဉ်း၍ မီဒီယာများ၏မေးမြန်းမှုများကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

ညီညွတ်ရေး၊ စည်းကမ်းရှိရေးနှင့် စွမ်းအားရှိသမျှ အလုပ်လုပ်ကြရေးတို့က မျက်မှောက်ခေတ်၏ သမိုင်းပေးတာဝန်များဖြစ်သည်။ မိမိတို့နိုင်ငံသား၊ တိုင်းရင်းသားအားလုံး၏ မွေးဖွားကြီးပြင်းရာ ဤမြေကိုအလှဆင်ရန်မှာ မိမိတို့အားလုံး၏ တာဝန်ပင်ဖြစ်ရာ ကာယ၊ ဉာဏ စွမ်းအားရှိသမျှဖြင့် အမိနိုင်ငံကို ကာကွယ်တည် ဆောက်ကြရပါမည့်အကြောင်း။ ။