စည်းလုံးခြင်းပြ တော်သလင်းလ

ရဟန်းသံဃာ သူတော်စင်

ဝါတွင်း ဥပုသ်ဝင်။

ထိန်းသိမ်းကာပင် မြတ်သီလ

မပျက်စောင့်စည်းကြ။

စာချစာဆို စာရွတ်သံ

ထက်ဘဝဂ်သို့ညံ။

မိုးသံလေသံ မကင်းသေး

ရင်းမာပန်းတို့မွှေး။

ကြည်အေးသင်းလို့ ရနံ့စည်

ထူးတဲ့ကန်ရာသီ။

ရေလွှာနဒီ လှိုင်းငြိမ်သက်

ဥတုကြည်လင်လျက်။

ရိုးရာမပျက် ဆင်နွှဲပျော်

လှေသဘင်ပွဲတော်။

လက်သင်းလှော်တဲ့ ရွှေလှေများ

လှေတော်သံစည်ကြား။

စုစည်းအင်အား ပြိုင်တူညီ

တော်သလင်းလမည်။

အားမာန်ချီလို့ ဖော်ကာထုတ်

စည်းလုံးခြင်းပြယုဂ်။

မောင်ခန့်(မြန်မာစာ)