စည်းလုံးညီညွတ် အောင်ပန်းဆွတ်စို့

မြင်းမူမောင်နိုင်မိုး

(၁)

“ငါတို့သည် တမျိုးတဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား ကျောသား ရင်သား သူကား ငါကား ခွဲခြားခြင်းကို အလိုမရှိ မြစ်ချောင်း သီတာ သမုဒ္ဒရာ တောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝ အပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇဝင်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေနေထိုင်ကြရာ မြန်မာနိုင်ငံတော်တစ်ဝှမ်းကို တသွေးတသားတည်းဟူသော ကြိုးထူး တစ်စိတ်တစ်ဝမ်းတည်းဟူသော ကြိုးထူး အလိုအလျောက် သဘာဝ အထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကြိုးထူး ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရလေပြီ”

(လွတ်လပ်ရေး ကြေညာစာတမ်းမှ ကောက်နုတ်ဖော်ပြချက်။ သတ်ပုံ-မူရင်း)
အထက်ပါ ကြွေးကြော်သံမှာ မြန်မာပြည်ဖွား တိုင်းရင်းသားအားလုံး၏ ကြွေးကြော်သံ အမှန်ပင်ဖြစ်ပေသည်။ ကောက်ကျစ် နယ်ချဲ့ကျူးကျော်ခဲ့၍  တကယ့်မှန်ကင်း လောင်စာထင်းပမာ ပျက်ယွင်းကြေမွ ကျွန်ဘဝဝယ် နိမ့်ကျညှိုးငယ်ခဲ့ရသော မြန်မာ ပြည်ဖွား တိုင်းရင်းသားအားလုံး၏ အထွတ်အမြတ်သွေးတို့ဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်မဟုတ်ပါလော။ 

အထွတ်အမြတ်သွေးနှင့် လွတ်လပ်ရေး

ပထမ၊ ဒုတိယ၊ တတိယ အင်္ဂလိပ် - မြန်မာ စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသည် နယ်ချဲ့တို့၏ ကျွန်သပေါက်ဘဝသို့ ကျရောက်ခဲ့ပါလေသည်။ ကိုလိုနီနယ်ချဲ့တို့၏ လက်အောက်တွင် နှစ်ကာလ အချိန်အတိုင်းအတာအားဖြင့် မြန်မာနိုင်ငံအောက်ပိုင်းသည် ၁၂၃ နှစ်၊ မြန်မာနိုင်ငံအထက်ပိုင်းသည် ၆၃ နှစ် ကျွန်သပေါက်ဘဝ ကျရောက်ခဲ့သော်လည်း လက်နက်အင်အား၊ လူအင်အား ကွာခြားမှန်းသိပါလျက်နှင့် မျိုးချစ်တိုင်းရင်းသားခေါင်းဆောင်များက ရှိသမျှ အင်အား၊ ရသမျှလက်နက်များကို စွဲကိုင်ကာ တွန်းလှန်ချေမှုန်းခဲ့ကြသည်။ “သူ့ကျွန်ဘဝမှာနေရတာထက် သေရတာက မြတ်တယ်” ဟူသော မျိုးချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန် ထက်သန်စွာဖြင့် ခုခံ တော်လှန်ခဲ့ကြသည်။

လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သောလူမျိုးဘဝမှ သူ့ကျွန်ဘဝ ကျရောက်ခဲ့ကြသော မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအပေါင်းသည် နယ်ချဲ့လက်အောက်တွင် လောကီငရဲမျိုးစုံကို ကြိတ်မှိတ်ခံစားခဲ့ကြရသည်။ ထို့ကြောင့် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများတွင်  တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း သားစဉ်မြေးဆက် စဉ်ဆက်မပြတ် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြသည်။ အသက်၊ သွေး၊ ချွေးများကို မငဲ့ကွက်ကြဘဲ စွန့်လွှတ်စွန့်စားခဲ့ကြသည်။ 

နယ်ချဲ့တို့က မြန်မာတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကို ယုတ်မာစွာ သွေးကွဲအောင် သွေးခွဲခဲ့ကြသော်လည်း စည်းလုံးညီညွတ်စွာ ပြန်လည်တိုက်ထုတ်ခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးများ၏ လွတ်လပ်ရေးတိုက်ပွဲဝင်သမိုင်းတွင် ကချင်ပြည်နယ်မှ ဖုံကန်ဒူဝါနှင့် ဗိုလ်စော၊ ချင်းပြည်နယ်မှ ကြွမ်ဘိစ်နှင့် ရွှေချိုးဖြူမင်းသား၊ ရှမ်းပြည်နယ်မှ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်နှင့် ဗိုလ်မင်းရောင်တို့သည် မော်ကွန်းဝင်ထွန်းပြောင်ခဲ့ကြပါသည်။ 

ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် အချုပ်တန်းဆရာဖေ အစရှိသော မျိုးချစ်စာဆိုတော်ကြီးများကလည်း နှလုံးရည်တပ်သား ကောင်းပီသစွာ ကလောင်လက်နက်ဖြင့် တိုက်ပွဲဝင်ခဲ့ကြပါသည်။ 

ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး)၊ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေး) စသည့် လွတ်လပ်ရေးတိုက်ပွဲဝင်အဖွဲ့ကြီးများတွင် ကျောင်းသား ကျောင်းသူ၊ ဆရာဆရာမများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ တိုင်းရင်းသားများ စသည့် လုပ်သားပြည်သူအားလုံးသည် ကျွန်ဘဝမှ သခင်ဘဝသို့ ပြန်လည်ရောက်ရှိရေးအတွက် အသက်ကို မငဲ့ကွက်ဘဲ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ကြပါသည်။ 

ထိုကဲ့သို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှု၊ မြန်မာ့မျိုးချစ်ခေါင်းဆောင်များ၏ စွန့်လွှတ်စွန့်စား ရဲရင့်သော သံမဏိ စိတ်ဓာတ်များကြောင့် မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။

“လွတ်လပ်ရေး” ကို ပေးစေလိုဟု
ကြွေးငိုမြည်တ၊ တောင်းပန်ခ၍ 
ရခဲ့သည်လည်း၊ မဟုတ်ချေ။
“လွတ်လပ်ရေး” ဟူ၊ ပိုင်လိုမူသော်
လွယ်ကူရော့အင့်၊ ဆုချီးမြှင့်၍
ပိုင်ခွင့်ရသည် မဟုတ်ချေ။
“လွတ်လပ်ရေး” ဆို၊ ပန်းပွင့်ချိုနှယ်
အလိုအလျောက်၊ မြေမှပေါက်ကာ
ထမြောက်ခဲ့သည် မဟုတ်ချေ။
“လွတ်လပ်ရေး” အတွက်၊ သွေးအသက်တို့
ပေးဆပ်ခဲ့ကြောင်း၊ တွက်ရေပေါင်းသော်
သွေးချောင်းပင်လယ် တမျှတည်း။
လွတ်လပ်ရေးအတွက်၊ တွဲသောလက်တို့
မပျက်ခိုင်မြဲ၊ ရင်ဆိုင်နွှဲသည်တိုက်ပွဲရာထောင်မကတည်း။
လွတ်လပ်ရေးအတွက်၊ နာကြည်းချက်ဖြင့်
ချိန်းချက်တော်လှန်၊ တက်ခေါက်သံတို့
မိုးယံချဉ်းမျှ ညံဘိတည်း။

(၂)

လွတ်လပ်ခဲ့ပြီ မြန်မာပြည် 

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ တွင် တိုင်းပြုပြည်ပြုလွှတ်တော်ရှေ့၌ ဗြိတိသျှယူနီယံဂျက်အလံကို ဖြုတ်ချခဲ့ကြပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို လွှင့်ထူခဲ့ကြသည်။ နံနက် ၄ နာရီ ၄၅ မိနစ်တွင် လွှတ်တော်အစည်းအဝေးခန်းမထဲ၌ နိုင်ငံတော်အာဏာ လွှဲပြောင်းသည့်အခမ်းအနား ဆက်လက်ကျင်းပခဲ့ကြရာ တိုင်းပြုပြည်ပြုလွှတ်တော်က ယာယီပါလီမန်ဖြစ်ပေါ် လာခဲ့ပြီး ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်က ယာယီသမ္မတ၊ ဦးနုက ယာယီဝန်ကြီးချုပ် ဖြစ်လာခဲ့ကြသည်။ 

နံနက် ၆ နာရီ မိနစ် ၃၀ တွင် အိမ်တော်၌ ဘုရင်ခံက အာဏာလွှဲပြောင်းပေးသည့် အခမ်းအနားကျင်းပခဲ့ပြီး နံနက် ၈ နာရီ မိနစ် ၂၀ တွင် အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် ဇနီးတို့ ဘာမင်ဟန် သင်္ဘောဖြင့် မြန်မာပြည်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ 

ထိုနေ့မှာပင် အပိုဒ် (၆) ပိုဒ်ပါသော “လွတ်လပ်ရေးကြေညာ စာတမ်း” ကို ကမ္ဘာသိကြေညာခဲ့ပြီး လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကို အုတ်မြစ်ချခဲ့ကြသည်။ ထိုလွတ်လပ်ရေးမော်ကွန်း ကျောက်တိုင်ကို ၂၆-၁၁-၁၉၅၀ ရက်နေ့က မဟာဗန္ဓုလပန်းခြံထဲတွင် ဖွင့်လှစ်ခဲ့ပါသည်။ 

မြန်မာပြည်ကြီးကား လွတ်လပ်ရေးရခဲ့ပေပြီ။  သို့ရာတွင် လွတ်လပ်သော  မြန်မာပြည်သည်  ညီညွတ်ငြိမ်းချမ်းပါ၏လော။ အမှန်စင်စစ် ညီညွတ်ငြိမ်းချမ်းမှု မရှိသည့်အပြင် အယူဝါဒအမျိုးမျိုးကို အခြေခံ၍ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းသူများ ပေါ်ပေါက်လာကာ တိုင်းပြည်သည် ဖရိုဖရဲနှင့် ပြိုကွဲလုမတတ် ယိုင်နဲ့ခဲ့ရသည်မှာ အကြိမ်ကြိမ်အခါခါ ကြုံကြိုက်ခဲ့ရပြီဖြစ်ပေသည်။ 

လွတ်လပ်ရေးရပြီး သုံးလခန့်အကြာတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်ပေါက်လာကာ လက်နက်ကိုင်တောခိုသွားခဲ့သည်။ ထို့ပြင် လွတ်လပ်ရေးအတွက် အတူတကွလက်တွဲကာ တိုက်ပွဲဝင်ခဲ့ကြသော တိုင်းရင်းသားခေါင်းဆောင်များသည် ဝါဒရေးရာအရလည်းကောင်း၊ လူမျိုးရေး၊ ဘာသာရေးအရလည်းကောင်း အယူအဆများ အမျိုးမျိုး ကွဲပြားကာ ရောင်စုံသောင်းကျန်းသူများအဖြစ် နိုင်ငံတော်ကို ဆန့်ကျင် ပုန်ကန်ခဲ့ကြလေသည်။ 

လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာမဆုံးရှုံးစေရန်

တပ်မတော်သည် နိုင်ငံတော်ကို ပြိုကွဲအောင် ဖြိုခွဲလိုသူများ၏ အန္တရာယ်ရန်စွယ်အသွယ်သွယ်ကို အကြိမ်ကြိမ်အခါခါ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခဲ့ရလေသည်။ ထိုသို့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာတွင် အဓိကအားဖြင့် မြန်မာ့တပ်မတော်သည် အမြဲတစေ ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်ပြီး နိုင်ငံတော်ကို မပြိုကွဲစေလိုသည့် ဆန္ဒရှိသူများနှင့် ပူးပေါင်းလျက် ပြည်တွင်းသောင်းကျန်းမှုအစုစုကို စုပေါင်းတွန်းလှန်ချေမှုန်းခဲ့ရသည်။ ဥပမာအားဖြင့် ပြည်တွင်း သောင်းကျန်းသူဖြစ်သည့် ကေအင်ဒီအိုကြောင့် တစ်နိုင်ငံလုံးလိုလို  သိမ်းပိုက်ခံထားရသဖြင့် ရန်ကုန်အစိုးရဟု ပြက်ရယ်ပြုခေါ်ဆိုခံရချိန် တွင် တပ်မတော်သားများအပြင် တက္ကသိုလ်ကျောင်းသားများ၊ ပြည်သူများကပါ ပူးပေါင်းပါဝင် တွန်းလှန်တိုက်ခိုက်ခဲ့ပေသည်။ 

ထို့ပြင် ၁၉၄၉ ခုနှစ်ကုန်ပိုင်းမှစ၍ မြန်မာ့ပိုင်နက်နယ်မြေကို ကျူးကျော်ဝင်ရောက်ခဲ့သော ကူမင်တန် တရုတ်ဖြူတပ်များကို မြန်မာ့တပ်မတော်သည် ပင်လုံစစ်ဆင်ရေး၊ ယုဇနစစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေး၊ ဆင်ဖြူရှင်စစ်ဆင်ရေး၊ ရန်ကြီးအောင်စစ်ဆင်ရေးတို့ဖြင့် စစ်ဆင်ရေးများ အကြိမ်ကြိမ်ဆင်နွှဲကာ တိုက်ထုတ်ခဲ့ရလေသည်။ ပြည်ပကျူးကျော်မှုများအပြင် ပြည်တွင်းသောင်းကျန်းမှုများ ကြောင့် လွတ်လပ်ရေးနှင့် နိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးလာနိုင်ခြင်း မရှိစေရန်လည်း တပ်မတော်သည် တိုက်ပွဲကြီးများ အကြိမ်ကြိမ်ဆင်နွှဲကာ ချေမှုန်းတိုက်ခိုက်ခဲ့ရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) တို့၏ အန္တရာယ်ရန်စွယ်ကို ရွှေလင်းယုန်စစ်ဆင်ရေး၊ မိုးဟိန်းစစ်ဆင်ရေး၊ အောင်စိုးမိုးစစ်ဆင်ရေး၊ လေးမာရ်အောင်စစ်ဆင်ရေး အစရှိသည့် စစ်ဆင်ရေးကြီးများဖြင့် တိုက်ပွဲကြီးပေါင်းများစွာကို ဆင်နွှဲကာ ချေမှုန်းခဲ့ရလေသည်။ 

ပြည်တွင်းသောင်းကျန်းမှုကို ချေမှုန်းတိုက်ခိုက်အောင်မြင်ခဲ့သော တိုက်ပွဲကြီးများတွင် ကွမ်းလုံရက်လေးဆယ်တိုက်ပွဲ၊ စီစီဝမ် တာပန်၊ ပန်ဆိုင်း-ကြူကုတ်၊ ခြူးရွှေပန်ကောက်၊ မိုင်းယန်းအစရှိသော တိုက်ပွဲကြီးများ၊ နားဖော့ပါဂျို၊ မဲသဝေါ၊ မဲလ၊ မော်ဖိုးကေတိုက်ပွဲကြီးများသည် အထူးပင်ထင်ရှားလှပေသည်။ ဤသည်မှာ တပ်မတော်သည် နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ မဆုံးရှုံးစေရန်၊ နိုင်ငံမပြိုကွဲစေရန်အတွက် စစ်ရေးနည်းဖြင့် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခဲ့ခြင်းပင်ဖြစ်ပေသည်။
 
နိုင်ငံရေးနည်းလမ်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း

နိုင်ငံတော်တွင် အရေးကြုံတိုင်း နိုင်ငံ့အန္တရာယ်ရန်စွယ်မှန်သမျှ မဆိုင်းမတွကာကွယ်ရသည်မှာ တပ်မတော်ပင်ဖြစ်လေသည်။ ၁၉၅၈ ခုနှစ်တွင် ထိုစဉ်က အုပ်ချုပ်ခဲ့သောအစိုးရအတွင်း စိတ်သဘောထား ကွဲလွဲမှုများ၊ မညီညွတ်မှုများကြောင့် တပ်မတော်သည် တာဝန်အရ အိမ်စောင့်အစိုးရအဖြစ် ဆောင်ရွက်ပေးခဲ့ရသည်။ ၁၉၆၂ ခုနှစ်တွင်လည်း နိုင်ငံတော်၏ အခြေအနေအရပ်ရပ် ယိုယွင်းလာသည့်အပြင် တိုင်းပြည်ပြိုကွဲမည့် အရိပ်အငွေ့များဖြစ်ပေါ်လာသဖြင့် တပ်မတော်က အချိန်မီ နိုင်ငံတော်အာဏာသိမ်းကာ တိုင်းပြည်ကို ကယ်တင်ခဲ့ရသည်။ ၁၉၈၈ ခုနှစ်တွင် မြေပေါ် မြေအောက် အဖျက်သမားများနှင့် ပြည်တွင်း၊ ပြည်ပမှ တိုင်းပြည်ပြိုကွဲပျက်စီးစေလိုသူများ၏ သွေးထိုးလှုံ့ဆော်မှု၊ လုပ်ကြံဝါဒဖြန့်မှုများကြောင့် မင်းမဲ့စရိုက်များ လွှမ်းမိုးလာကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက် လာစေသဖြင့် တပ်မတော်ကပင် နိုင်ငံတော်အာဏာကို သိမ်းယူကာ တိုင်းပြည်ကို ကယ်တင်ခဲ့ရပြန်သည်။ 

ထိုမှတစ်ဖန် ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပသော အထွေထွေ ရွေးကောက်ပွဲ၌ မဲစာရင်းများ ကိန်းဂဏန်းကြီးမားစွာ မှားယွင်းမှုများကြောင့် အငြင်းပွားမှုများ၊ မကျေနပ်မှုများ ပေါ်ပေါက်နေချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်သော ဆောင်ရွက်မှုများကြောင့် တပ်မတော်ကပင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တိုင်းပြည်ကို ခေတ္တထိန်းသိမ်းစောင့်ရှောက် ခဲ့ရလေသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူ နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့်  အရေးပေါ်ကာလဆိုင်ရာ  ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)နှင့်အညီ  လွတ်လပ်ပြီး  တရားမျှတသော  ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲအား  ပြန်လည်ကျင်းပ၍  အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။  ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက်လည်း ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို တစ်ဆင့် ပြီးတစ်ဆင့် အောင်မြင်မှုရရှိအောင် ကြိုးပမ်းလုပ်ဆောင်နေခြင်း ဖြစ်သည်။

အဆိုပါ ရည်မှန်းချက်အောင်မြင်စေရန်အတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ခြင်းသည် လွန်စွာအရေးကြီးလှပေသည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်မှသာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ပေလိမ့်မည်။ ထို့အပြင် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဖော်ဆောင် နိုင်ပေလိမ့်မည်။ 

ထိုသို့ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ခိုင်မာစွာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်းကို စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က “ကျွန်တော်တို့အစိုးရအနေနဲ့  နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် အသင့်လျော်ဆုံး နိုင်ငံရေးရည်မှန်းချက် ၂ ရပ်ကို ချမှတ်ခဲ့ပါတယ်။ ဒီနိုင်ငံရေးရည်မှန်းချက် ၂ ရပ်က စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးတို့ဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ခိုင်မာစွာ အာမခံအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်” ဟူ၍ မိန့်ကြားခဲ့ပေသည်။ 

လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်နိုင်ရန်

လွတ်လပ်ရေးဆိုသည်မှာ ရှိနေစဉ် မသိသာလှသော်လည်း လွတ်လပ်ရေးမရှိသည့်အခါ အလွန်ပင် သိသာလှပေသည်။ ကိုယ့်ခြံကိုယ့်အရိပ် ကိုယ့်အိမ်တွင် ကိုယ်မနားရခြင်း၊ ကိုယ့်ဆန် ကိုယ့်ထမင်း ကိုယ့်ဟင်းကိုပင် ကိုယ်မစားရခြင်း၊ သူတစ်ပါးပြုသမျှ နုရလေခြင်း ဟူသော အဖြစ်အပျက်များပေါ်ပေါက်လာပေလိမ့်မည်။ လွတ်လပ်ရေး ဟူသည် ဆုံးရှုံးဖို့လွယ်ကူသလောက် ပြန်လည်ရရှိဖို့ ခက်ခဲလှပေသည်။ မြန်မာနိုင်ငံသည်  ဆုံးရှုံးခဲ့ရသော  လွတ်လပ်ရေးရရှိဖို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး နှစ်ပေါင်းများစွာ တိုက်ပွဲဝင်တော်လှန်ခဲ့ရသည်။ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြရသည်။ ထို့ကြောင့် လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏အနှစ်သာရကို မြန်မာပြည်သူတိုင်း အလေးဂရုပြုကာ အမြတ်တနိုးရှိနေပါမှ တော်ကာ တန်ကာကျပေလိမ့်မည်။ 

ထို့ကြောင့်ပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး‌နေ့ကို သမိုင်းဝင်၊ သမိုင်းတွင်လောက်အောင် ခမ်းနားကြီးကျယ်စွာ ကျင်းပပေးခဲ့ခြင်း  ဖြစ်လေသည်။ အခမ်းအနားစတင်သည်နှင့် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ချိုးဖြူငှက် ၇၅၀ လွှတ်တင်သည်။ ဤအခမ်းအနားကြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  သတိုးမဟာသရေစည်သူ  သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကို စစ်ရေးပြမှူးကြီး ဦးဆောင်သည့် နိုင်ငံတော်အလံ အဖွဲ့၊ တပ်မတော် (ကြည်း) အလံတော်အဖွဲ့၊ တပ်မတော် (ကြည်း) ကိုယ်စားပြုတပ်ခွဲ၊ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲတို့က တပ်ရင်း (၁) အဖြစ် အပါအဝင် တပ်ရင်း ကိုးရင်းက ချီတက်အလေးပြုကြသည်။

ထိုသို့ အလေးပြုနေစဉ် တပ်မတော်ရဟတ်ယာဉ်များနှင့် အမျိုးအစားစုံလင်လှသော တိုက်ခိုက်ရေးလေယာဉ်၊ ဂျက်လေယာဉ်များက အုပ်စုဖွဲ့ပျံသန်းကာ အလေးပြုကြသည်။ ထိုသို့ အလေးပြု ပြီးသည့်နောက် လေထီးအရာရှိ စစ်သည် စစ်သမီးနှင့် အခြားအဆင့် လေထီးစစ်သည် စစ်သမီး စုစုပေါင်း ၇၅ ဦးတို့က ဝေဟင်အမြင့်ပေ ၇၅၀၀ မှ အလွတ်ခုန်၍ တပ်မတော်အလံ၊ ကြည်း၊ ရေ၊ လေ အလံများ၊ ဝန်ကြီးဌာနကိုယ်စားပြုအလံများ၊ ကာကွယ်ရေးအလံနှင့် ရောင်စုံအလံများ ချိတ်ဆွဲသယ်ဆောင်ကာ ဝေဟင်ထက်မှ မြေပြင်သို့ ဆင်းသက်၍ ချီတက်အလေးပြုကြသည်။ ထို့နောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ်ဖြင့်လည်းကောင်း၊ ဘုရင်၊ အိမ်ရှေ့စံ၊ မိဖုရားများ၊ သားတော်၊ သမီးတော်များ၊ ရံရွေတော်များ၊ ဝန်ကြီးများ၊ ပညာရှိအမတ်များ၊ စစ်သူကြီးများ၊ သူဌေးသူကြွယ်များ၊ ဆွေမျိုးတော်များ၊ ဆင်မြင်းဗိုလ်ပါမှူးမတ်များနှင့် ရဲမက်တော်များပါဝင်သည့် ရာဇာဝင်းခင်း၍လည်းကောင်း ချီတက်အလေးပြုကြသည်။ 

ထို့နောက် တစ်ဖန် တပ်မတော်၏ ခေတ်အဆက်ဆက်ကို ဖော်ညွှန်းသည့် တပ်ခွဲများဖြစ်သော BIA၊ BDA၊ BNA၊ PBF၊ BA၊ ဘယ်ရီတပ်ခွဲ၊ ဂေါ်ရခါးတပ်ခွဲ၊ ပွိုင့် ၃၀၃ တပ်ခွဲ၊ ၅၂ စတင်းတပ်ခွဲ တို့နှင့်အတူ တပ်မတော် ကြည်း၊ ရေ၊ လေ ဂုဏ်ပြုယာဉ်များက အသီးသီးချီတက်အလေးပြုကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ထင်ရှားသည့်အထိမ်းအမှတ်များ၊ လူနေမှုစရိုက်လက္ခဏာများ၊  ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် ထုတ်ကုန်များကို သရုပ်ဖော်ပြသထားသည့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများမှ ဂုဏ်ပြုယာဉ်များကလည်း ထူးခြားလှပဆန်းကြယ်သော သရုပ်ဖော်မှုများဖြင့် ချီတက်သရုပ်ပြဖျော်ဖြေ တင်ဆက်ကြရာ ကြည့်ရှုရသူတိုင်း အံ့ဩဘနန်းဝမ်းမြောက်ပီတိ ဖြစ်မိကြလေသည်။

ထို့ပြင် ယန္တရားစစ်ကြောင်းမှူး ဦးဆောင်၍ တပ်ခွဲပေါင်းစုံတို့၏ ချီတက်အလေးပြုခြင်းသည်လည်း  စိတ်ခွန်အားတက်ကြွဖွယ် ကောင်းလွန်းလှပေသည်။ အခမ်းအနားသို့ တက်ရောက်သူအားလုံး ရင်ခုန်စိတ်လှုပ်ရှားရသည်ကတော့ တပ်မတော်(လေ)၏ ဂျက်တိုက်လေယာဉ်များက အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် Smoke Trail များထုတ်လွှတ်၍ ပျံသန်းခြင်းနှင့် SU-30 ဘက်စုံသုံး အကြီးစား တိုက်လေယာဉ် နှစ်စင်းနှင့် MIG 29 ဘက်စုံသုံးတိုက်လေယာဉ် နှစ်စင်းတို့က Composite Box Formation ဖြင့် အုပ်စုဖွဲ့ပျံသန်းခြင်း၊ SU-30 ဘက်စုံသုံး တိုက်လေယာဉ်တစ်စင်းက တိုက်လေယာဉ်များ၏ အဆင့်မြင့် လှုပ်ရှားစစ်ကစားမှု High Performance Maneuver များကို စွမ်းရည်ပြသခြင်းများပင်ဖြစ်ပေသည်။ 

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကား ခံ့ညားထည်ဝါလွန်းလှသည်။ အဘက်ဘက်မှ ပြည့်စုံလွန်းလှသည်။ အကြားအလပ်မရှိအောင်  ထောင့်စေ့အောင်  ကြိုတင်ပြင်ဆင်မှု၊ အထပ်ထပ်အခါခါ စိစစ်ညွှန်ကြားမှုပြုခဲ့သဖြင့်လည်း ဤမျှထူးခြား တင့်တယ်ခံ့ညားလှသော အခမ်းအနားတစ်ရပ်အဖြစ် သမိုင်းဝင် ကျန်ရစ်ခဲ့ခြင်းဖြစ်ပေသည်။ 

ဘွဲ့ထူးဂုဏ်ထူးများချီးမြှင့်

ဤစိန်ရတုလွတ်လပ်ရေးနေ့၏ ထူးခြားချက်ကား မြန်မာ့လွတ်လပ်ရေးစတင်ရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ခဲ့ကြသူများအား နိုင်ငံတော်က ဘွဲ့ထူးဂုဏ်ထူးများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးခဲ့ခြင်းပင် ဖြစ်လေသည်။ လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ခဲ့ကြသူများဟုဆိုရာတွင်  တပ်မတော်သားများ၊  နိုင်ငံ့ဝန်ထမ်းများကိုသာ ဆိုလိုခြင်းမဟုတ်ပေ။ ဘက်စုံကဏ္ဍစုံတွင် တာဝန်ကျေပွန်ခဲ့ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် အစရှိသည့် အနုပညာရှင်များ၊ ရပ်ကွက်ကျေးရွာအဆင့်အထိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများကိုပါ ချီးမြှင့်ခဲ့ခြင်းဖြစ်ပေသည်။
 
ထိုသို့ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှောက်ရာတွင် ယခင်ခေတ်ကာလ အဆက်ဆက်နှင့်မတူညီသော ချီးမြှောက်မှုများကို တွေ့ရှိရပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိန်ရတုလွတ်လပ်ရေးနေ့ ကာလအထိ လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ခဲ့သူများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းသာယာဝပြောရေးအတွက် နိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ရာတွင် မိမိတို့အစိုးရကာလအတွင်း ဆောင်ရွက်သူများကိုသာမကဘဲ ယခင် ခေတ်အဆက်ဆက်က ဆောင်ရွက်ခဲ့သူများကိုပါ တလေးတစား တန်ဖိုးထားကာ ချီးမြှောက်ဂုဏ်ပြုခြင်းပင်ဖြစ်ပါသည်။ ပို၍ထူးခြားသည်ကား ယနေ့ကာလတွင် အသက်ခန္ဓာရှင်သန်ခြင်းမရှိတော့သည့် ပုဂ္ဂိုလ်များကိုပါ မေ့လျော့ချန်ထားခြင်းမရှိဘဲ စွမ်းဆောင်ရည်ရှိလျှင် ရှိသလို ချီးမြှင့်ဂုဏ်ပြုခြင်းပင်ဖြစ်ပေသည်။ ထို့ကြောင့်လည်း ကွယ်လွန်သွားခဲ့ပြီး သူတို့၏မျိုးဆက်များမှာ မိမိတို့ မိခင်ဖခင်အတွက်၊ မိမိတို့ အဘိုးအဘွားအတွက် ဂုဏ်ယူဝမ်းသာ ပီတိဖြာခဲ့ကြရပေတော့သည်။

စိန်ရတုလွတ်လပ်ရေးနေ့  အခမ်းအနားပွဲသဘင်ကြီးကား အောင်မြင်ပြီးမြောက်ခဲ့ပေပြီ။  ထိုအခမ်းအနား ပွဲသဘင်ကြီးသို့ တက်ရောက်ခွင့်ရရှိခဲ့သူများ၊  တက်ရောက်ခွင့်မရသော်လည်း တီဗွီရုပ်မြင်ဖန်သားပြင်မှ ကြည့်ရှုလိုက်ရသူများအားလုံးကတော့ ထိုအခမ်းအနားကြီးအကြောင်းကို တသသပြောဆိုကြ၊ အံ့ဩချီးမွမ်း နေကြပါသေးသည်။ အခမ်းအနားသို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိသည့် အသက်အရွယ်ကြီးရင့်သူများ၊ ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ခံရသော်လည်း သက်ရှိထင်ရှားမရှိတော့သော ပုဂ္ဂိုလ်တို့၏ ဇနီးခင်ပွန်းများ၊ သားသမီး မြေးများ အစရှိသည့် အမွေဆက်ခံသူများထံသို့ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ တာဝန်ရှိသူ အကြီးအကဲများက အိမ်တိုင်ရာရောက် သွားရောက်ကာ ဘွဲ့တံဆိပ်များပေးအပ်နေပုံ၊ လက်ခံရယူသူတို့၏ ဝမ်းသာပီတိဖြစ်ကြရပုံများကိုလည်း ယနေ့တိုင် တီဗွီရုပ်မြင်ဖန်သားပြင်တွင် ကြည့်ရှုနေရသည်မှာ အလွန်တရာမင်္ဂလာရှိလှပေသည်။ 

ရှေ့ဆက်ညီညွတ် အောင်ပန်းဆွတ်စို့

နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ရေး၏ အနှစ်သာရ၊ လွတ်လပ်ရေး၏ တန်ဖိုး၊ လွတ်လပ်ရေး၏ ကျေးဇူးဂုဏ်ကို ပြည်သူအများ လေးနက်စွာ ခံစားရှုမြင်နိုင်စေရေးအတွက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ပွဲကြီးကို ဝှဲချီး ဆင်ယင်သဘင် ထွတ်မြတ် ခေါ်ဆိုအပ်သည်အထိ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပေသည်။ ပြည်သူများအနေဖြင့် နိုင်ငံတော်၏ လွတ်လပ်ရေးကို မြတ်နိုးစွာ ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး၊ မျိုးဆက်သစ်များသို့ ငြိမ်းချမ်းရေးအမွေ ပေးအပ်နိုင်စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ကြုံတွေ့ခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူတွေရဲ့အကျိုးကို ရှေးရှုငဲ့ကွက်ပြီး သက်ဆိုင်သူအားလုံးက ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကစပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နောင်မျိုးဆက်သစ်များကို ငြိမ်းချမ်းရေးအမွေပေးခဲ့ကြပါစို့” ဟု တိုက်တွန်းပြောကြားခဲ့ပေသည်။ 

ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်က “(၇၅) နှစ်မှသည် နှစ်ရာထောင်မက ကမ္ဘာတည်သရွေ့ နိုင်ငံတော်ကြီး ဝင့်ကြွားစွာ ထာဝရတည်တံ့နေဖို့ ကျွန်တော်တို့အားလုံး နိုင်ငံချစ်စိတ်၊ မြန်မာစိတ်နဲ့ ကြိုးစားလုပ်ဆောင်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ ‘ကမ္ဘာတည်သရွေ့ မြန်မာတည်ရှိရပါမယ်’” ဟု မိန့်ကြားခဲ့သည့်အတိုင်း ကျွန်ုပ်တို့ ပြည်သူတစ်ရပ်လုံးကလည်း နိုင်ငံတော်၏ ရည်မှန်းချက် များအောင်မြင်စေရန်၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန်နှင့် ကမ္ဘာအရှည် တည်သရွေ့ လွတ်လပ်သော မြန်မာပြည်ဟေ့…ဟု ဂုဏ်ယူစွာ ကြွေးကြော်နိုင်ရန်အတွက် စည်းလုံးညီညွတ်စွာဖြင့် အောင်မြင်မှုပန်း ဆွတ်လှမ်းနိုင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။  ။