မောင်ငြိမ်းအေး
မြန်မာနိုင်ငံသည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် နှစ်ပေါင်းထောင်ချီ ရပ်တည် နေထိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းထောင်ချီ၍ တိုင်းရင်းသားလူမျိုးပေါင်းတစ်ရာကျော်သည် မရှိအတူရှိအတူ အေးအတူပူအမျှ စုပေါင်းနေထိုင်ခဲ့ကြသည်။ သို့သော် မြန်မာတို့သည် နှစ်ပေါင်း ၁၂၄ နှစ်ကြာ အချုပ်အခြာအာဏာ(ဝါ) လွတ်လပ်ရေးဆုံးရှုံးကာ အင်္ဂလိပ်နယ်ချဲ့လက်အောက်တွင် နှစ်ပေါင်း ၁၂၀ ကျော်၊ ဖက်ဆစ် ဂျပန်လက်အောက်တွင် သုံးနှစ်ခန့် သူ့ကျွန်ဖြစ်ခဲ့ရသည်။ အင်္ဂလိပ်နယ်ချဲ့တို့၏ ကျူးကျော်စစ်ပွဲ သုံးကြိမ်စလုံးတွင် တိုင်းရင်းသားပေါင်းစုံမျိုးချစ်များက ဇာတိသွေး၊ ဇာတိမာန်၊ သတ္တိဗျတ္တိအပြည့်ဖြင့် သမိုင်းပြောင်မြောက်စွာနယ်ချဲ့တို့ကို တွန်းလှန် တိုက်ခိုက်ခဲ့ကြသည်။ ဆုံးရှုံးခဲ့သည့် လွတ်လပ်ရေးကို ပြန်လည်ရရှိရန် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ ၁၈၂၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ အသက်၊ သွေး၊ ချွေးပေါင်းများစွာ ရင်းနှီးပေးဆပ်ပြီး တွန်းလှန် တိုက်ခိုက်ခဲ့သည်။ လွတ်လပ်ရေးကို အမျိုးသား ခေါင်းဆောင်များနှင့်အတူ တိုင်းရင်းသားပြည်သူ အားလုံး စုစည်းညီညွတ်သော၊ စည်းလုံးညီညွတ်သောအားမာန်များဖြင့်ရယူခဲ့ကြသည်။ ဤသို့ နှစ်ပေါင်း ၁၂၄ နှစ်တာကာလအတွင်း လွတ်လပ်ရေး အတွက် သမိုင်းမော်ကွန်းများရေးထိုးခဲ့ကြသည်။
သမိုင်းမော်ကွန်းရေးထိုး
နယ်ချဲ့တော်လှန်ရေးစစ်ကြီး ပြီးဆုံးပြီးနောက် မြန်မာနိုင်ငံအား မဖြစ်မနေလွတ်လပ်ရေး ပေးရတော့မည့် အချိန်ရောက်သောအခါ နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာလူထုကြီးတစ်ရပ်လုံးအား နောက်ခံ အင်အားပြုထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ကို လန်ဒန်သို့ဖိတ်ခေါ်ကာ မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးခဲ့ရသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးစာချုပ် (ဝါ) အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံညီလာခံ၌ တိုင်းရင်းသားစုံ၊ ဒေသစုံပါဝင်သည့် တိုင်းရင်းသားလူထု ကိုယ်စားလှယ်ခေါင်းဆောင်များသည် ဘိုးဘွားဘီဘင်အမွေအနှစ်ဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ လွတ်လပ်ရေးကို ပင်လုံမြေတွင် အုတ်မြစ်ချခဲ့သည်။ စည်းလုံး ညီညွတ်ခြင်း၏ သမိုင်းမော်ကွန်းမှတ်တမ်းရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
၁၈၂၄ ခုနှစ်မှစတင်သည့် မြန်မာ့သမိုင်းသည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှတ်တမ်းဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှ မျက်မှောက် ကာလ၊ ကမ္ဘာမြေပျက်သုဉ်းသည့်တိုင် မြန်မာ့သမိုင်း သည် မြန်မာတို့ပိုင်ဆိုင်သော အချုပ်အခြာအာဏာ (ဝါ) လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည့်၊ ဆက်လက်ရေးထိုးရမည့် သမိုင်းမှတ်တမ်းဖြစ်သည်။ လွတ်လပ်ရေးတည်တံ့ ခိုင်မြဲမှ မြန်မာတို့လက်တွင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမည်။ မြန်မာနိုင်ငံ လွတ်လပ်နေသမျှ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲမည်။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲလွတ်လပ်နေလျှင် ပြည်ထောင်စု ဖွားသွေးချင်းသားချင်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတို့ အမျိုးသားစည်းလုံးညီညွတ်မှု မပြိုမကွဲ တစ်သားတည်း စည်းလုံးနေနိုင်ကြပေမည်။ အေးချမ်းသာယာဝပြောသည့် လွတ်လပ်သော နိုင်ငံ တော်တွင် စိတ်ချမ်းမြေ့စွာ နေထိုင်နိုင်ကြမည် ဖြစ်သည်။
ကာကွယ်စောင့်ရှောက်
လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံသားများ စည်းလုံးညီညွတ်နေကြသည်နှင့်အမျှ ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် သာယာဝပြောလာနိုင်ပေသည်။ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်လာမည့် အကျိုးစီးပွားအသီးအပွင့်များနှင့် ပြည်ထောင်စုကြီး တည်ငြိမ် အေးချမ်းမှုရလဒ်အရသာများကို တိုင်းရင်းသားပြည်သူအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်း ချမ်းမြေ့စွာဖြင့် ခံစားနိုင်ကြပေမည်။ ထို့ကြောင့် ပြည်ထောင်စုကြီးကို ချစ်မြတ်နိုးသော မြန်မာတို့သည် လွတ်လပ်ရေးပြန်လည်ရရှိအောင် အသက်ပေး၍တိုက်ယူခဲ့ကြသည်။ လွတ်လပ်ရေးရရှိပြီးသည့်နောက် ကြုံတွေ့ရသမျှ အခက်အခဲ၊ အကျပ်အတည်း၊ ဒုက္ခ သုက္ခမျိုးစုံတို့ကို လက်တွဲညီညီ ရင်ဆိုင် ဖြတ်ကျော်ရင်း နိုင်ငံတော်၏အသက်ဝိညာဉ်ဖြစ်သော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးတစ်ခုလုံး လုံးဝလွတ်လပ်ရေး ရပြီးသည့်အချိန်မှစ၍ နိုင်ငံတော်ဖြစ်တည်မှုနှင့် ပထဝီမြေအနေအထားအရ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးတာဝန်များနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရမည့် တာဝန်များကို တပ်မတော်သည် ပြည်သူလူထုနှင့် အတူလက်တွဲ လျက် ထမ်းဆောင်ခဲ့သည်။ ခေတ်သမိုင်းအဆက်ဆက်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါး ကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူများနှင့်အတူလက်တွဲကာ တစိုက်မတ်မတ် တာဝန်ထမ်းဆောင်လျက် ရှိသည်။
သမိုင်းပေးတာဝန်
လွတ်လပ်ရေးနှင့်အတူ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲများကြောင့် ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခဲ့သည်။ သမိုင်းကြောင်းအစဉ်အဆက်အရ ရှေးပဝေသဏီ ကာလများကတည်းက အတူတကွ ပေါင်းစည်းနေထိုင်ခဲ့ကြသည့် ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးမည့် အခြေအနေအမျိုးမျိုး ကြုံတွေ့ခဲ့ရသည်။ ပြည်နယ်များ၊ ဒေသများနှင့် စုပေါင်းတည်ဆောက်ထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် တပ်မတော်က အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ ကာကွယ်စောင့်ရှောက်ခဲ့သည်။ တပ်မတော်သည် ခေတ်သမိုင်း အဆက်ဆက်တွင် ပြည်ထောင်စုကြီး ထိခိုက်ပျက်စီးစေနိုင်သော အခြေအနေများပေါ်ပေါက်လျှင် သမိုင်းပေးတာဝန် အရ တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့သည်။
တပ်မတော်သည် ဒီမိုကရေစီခရီးလမ်းကို လမ်းခင်းပုံဖော်ပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းနှင့် အဆိုပါမဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့သည့်အပြင် နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန် လုပ်ဆောင်လာခဲ့ သောကြောင့် ဖြစ်ပေါ်လာသည့်အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေ အနေကြေညာပြီး တပ်မတော်သည် နိုင်ငံတော် တာဝန်ကို ထမ်းဆောင်ခဲ့သည်။
နိုင်ငံတော်တာဝန် စတင်ထမ်းဆောင်စဉ် အစောပိုင်းကာလများ၌ ဆူပူဆန္ဒပြမှုများသာ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပြည်ပမှသွေးထိုး မြှောက်ပင့် ပေးမှုများကြောင့် အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံအတွင်း လုံခြုံမှု၊ တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် နည်းလမ်းမျိုးစုံလုပ်ကိုင်လာကြသည်။ တိုင်းပြည်ပြိုကွဲပျက်စီးအောင် ပြည်ပမှသွေးထိုးလှုံ့ဆော် မြှောက်ပင့်ထောက်ပံ့အားပေးမှုများဖြင့် ပြည်တွင်းမှ အမျိုးသား သစ္စာဖောက်များနှင့် အကြမ်းဖက်အဖျက်သမားများက အဖျက်လုပ်ရပ်များ လုပ်ကိုင် ဆောင်ရွက်နေကြသည်။
အသိအမှတ်ပြုဂုဏ်ယူ
တပ်မတော်အနေဖြင့် အဆိုပါ တိုင်းဆူပြည်ဖျက်ဖြစ်စဉ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့သည်။ အစဉ်အဆက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်၏ အဓိကကာကွယ်ရေးအင်အားစုဖြစ်သည့် တပ်မတော်နှင့် ပြည်သူကို သွေးကွဲအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်ပြိုကွဲပျက်စီးအောင် ကြံစည်အားထုတ် လျက်ရှိသည်။ တိုင်းပြည်တွင် မည်သို့သော အခြေအနေရှိသည်ဖြစ်စေ တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်နေမှုများအပေါ် နိုင်ငံတော်အစိုးရနှင့် နိုင်ငံသားများက အသိအမှတ် ပြု ဂုဏ်ယူကြသည်။
လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် ထိုးနှက်တိုက်ခိုက်မှုများကြားတွင် တပ်မတော် အနေဖြင့် စစ်မှန်သည့် အမျိုးသားရေးတာဝန်ကိုသာ ရှေးရှုပြီး တိုင်းပြည်နှင့် လူမျိုးအကျိုးကို သယ်ပိုး ခဲ့သည်မှာ သမိုင်းကြောင်း သက်သေများရှိခဲ့ပြီး ဖြစ်သည်။ “ယခု မိမိတို့တပ်မတော်၏ နိုင်ငံ့အရေး တာဝန်များကို ထမ်းဆောင်နေမှုများသည် သမိုင်းများပင်ဖြစ်သဖြင့် သမိုင်းမှတ်တမ်းကောင်းကို ရေးထိုးနိုင်ရမည် ဖြစ်ကြောင်း၊ လက်ရှိပြည်တွင်း၊ ပြည်ပ အန္တရာယ်များ၊ ဝင်ရောက်စွက်ဖက်မှုများနှင့် ကြုံတွေ့ နေရချိန်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသူများအားလုံး ၏ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေမှုများကိုလည်း မိမိအနေဖြင့် အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
အသက်ပေးကာကွယ်
နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ဆူပူ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ အသက်ခန္ဓာဆုံးရှုံးခဲ့ကြရသကဲ့သို့ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ထားသည့် လမ်း၊ တံတားများ၊ စက်ရုံ၊ အလုပ်ရုံများ၊ အဆောက်အအုံများ များစွာပျက်စီးဆုံးရှုံး ထိခိုက်ခဲ့ရသည်။ ထိုကဲ့သို့ တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် နိုင်ငံတော် အနေဖြင့် ထိခိုက်နစ်နာရသကဲ့သို့ ပြည်သူတစ်ဦးချင်း အနေဖြင့်လည်း လူမှုစီးပွားဘဝများ ထိခိုက် နစ်နာဆုံးရှုံးခဲ့ရသည်။ နိုင်ငံတော်ထိခိုက်ပျက်စီးခြင်းကြောင့် ပြည်သူများလည်း ထိခိုက်ပျက်စီးစေပြီး ပြည်သူများ ထိခိုက်ပျက်စီးပါကလည်း နိုင်ငံတော် ထိခိုက်ပျက်စီးခြင်းသာဖြစ်၍ နိုင်ငံတော်နှင့် ပြည်သူ ကို တပ်မတော်က အသက်ပေးကာကွယ် စောင့်ရှောက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ချိန်ကတည်း ကပင် နိုင်ငံတော်အကျိုးစီးပွားကို ရှေးရှု၍ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတောစီမံ အုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက် သည် လွတ်လပ်၍တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးဖြစ်သည်။ ရည်မှန်းချက်ကို အကောင်အထည် ဖော်ရာတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အပါအဝင် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ လွတ်လပ်၍တရားမျှတပြီး သိက္ခာရှိသော ရွေးကောက်ပွဲတစ်ရပ်ဖော်ဆောင် နိုင်ရေး ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်သည်။
ထိန်းသိမ်းတည်ဆောက်
ယခုကာလ၌ ပေါ်ပေါက်လျက်ရှိသည့် အကြမ်းဖက်ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သောအင်အားများဖြင့် ကာကွယ်ရှင်းလင်းဖယ်ရှားကြရမည် ဖြစ်ပြီး ဒေသအသီးသီး၌ အကြမ်းဖက် တိက်ခိုက်မှုများမရှိစေရေး၊ လက်နက်ကိုင်၍ ပြည်သူလူထုကို အနိုင်ကျင့်မှုများမရှိစေရေး၊ နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးတာဝန်များကို စည်းလုံးညီညွတ်မှု အင်အားများဖြင့် သမိုင်းမှတ်တမ်းကောင်းများ ရေးထိုးနိုင်ကြလိမ့်မည်ဟု ယုံကြည်ထားသည်။ မျက်မှောက်ကာလသည် လွတ်လပ်သော မြန်မာနိုင်ငံတော်ကြီး လွတ်လပ် သောနိုင်ငံများတန်းတူ ဖွံ့ဖြိုးတိုးတက်လာရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့်ရှောက် တည်ဆောက်နေသော ကာလဖြစ်သည်။
သမိုင်းသက်သေများ
အဓွန့်ရှည်တည်တံ့ခိုင်မြဲလာခဲ့သော မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် နိုင်ငံတော်ကြီး တည်တံ့ ခိုင်မာရေးအတွက် ဘိုးဘွားဘီဘင်များ သွေးနှင့်ရေးထိုးခဲ့သော သမိုင်းမှတ်တမ်းကောင်းများ၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးအတွက် အသက်၊ သွေး၊ ချွေးပေးဆပ်ပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့သော သမိုင်းမှတ်တမ်း ကောင်းများသည် ယနေ့ထက်တိုင် မော်ကွန်းတင် ထားဆဲဖြစ်သည်။ ဂုဏ်ယူအမှတ်တရရှိနေဆဲ ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် နိုင်ငံရေးအရ၊ စစ်ရေးအရဖြစ်ပေါ်လာသည့် ပြည်တွင်း၊ ပြည်ပအန္တရာယ်များကြား၌ နိုင်ငံနှင့် လူမျိုးအကျိုးအတွက် စွန့်လွှတ်စွန့်စားခြင်းများစွာဖြင့် ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့မှုများ၊ လွတ်လပ် ရေးနှင့်အတူ ပေါ်ပေါက်လာသည့် ပြည်တွင်း သောင်းကျန်းမှုများ၊ ဂိုဏ်းဂဏစွဲ၊ ဝါဒစွဲကြောင့် ဖြစ်ပေါ်လာသော ထိုးနှက်တိုက်ခိုက်မှုများကြားတွင် တပ်မတော်သည် စစ်မှန်သည့် အမျိုးသားရေးတာဝန်ကိုသာရှေးရှုပြီး တိုင်းပြည်နှင့် လူမျိုးအကျိုးကို သယ်ပိုးခဲ့သည့် သမိုင်းသက်သေများ ရှိခဲ့ပြီးဖြစ်သည်။
အဆိုပါ သမိုင်းအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း ကာကွယ်ဆောင်ရွက်သွား ရမည့်တာဝန်သည် တပ်မတော်သာမက နိုင်ငံနှင့ လူမျိုးကို ချစ်မြတ်နိုးသော နိုင်ငံသူနိုင်ငံသားများ အားလုံး၏ သမိုင်းပေးတာဝန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အတိတ်သမိုင်းကိုမရိုင်းအောင်၊ သမိုင်းပေး တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်နိုင်ကြရန်အတွက် စုစည်းညီညွတ်သော၊ စည်းလုံးညီညွတ် သော၊ စိတ်ဝမ်းမကွဲပြားသော စိတ်ဓာတ်အားမာန်များဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ အနာဂတ် သမိုင်းကြောင်းကောင်းအောင် ဆက်လက် ရေးထိုးကြပါစို့ဟု တိုက်တွန်းအပ်ပါကြောင်း။