စည်းလုံးညီညွတ်သည့် မြန်မာပြည် ပြန်လည်ရုန်းကန်နိုးထ ထူထောင်ကြပါစို့

မောင်ငြိမ်းအေး

အောင်ဆန်း-အက်တလီစာချုပ်  ချုပ်ဆိုမည့်   ၁၉၄၇   ခုနှစ် ဇန်နဝါရီလ ၁၃ ရက် လန်ဒန်ဆွေးနွေးပွဲ (ပထမနေ့) တွင်   အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက  နန်းရင်းဝန် အက်တလီနှင့် ဗြိတိသျှ အစိုးရအဖွဲ့ဝင်များအား “ကျွန်ုပ်တို့သည် စည်းလုံးညီညွတ်သော မြန်မာပြည်ကြီး ပြန်လည်ထူထောင်လိုကြောင်း၊ ကျွန်ုပ်တို့သိရသမျှဆိုလျှင် ကျွန်ုပ်တို့နိုင်ငံအတွင်းရှိ   တိုင်းရင်းသားများ  အားလုံးကို လွတ်လပ်ရေးပေးပြီး အပြင်အပနိုင်ငံများ၏ ပယောဂမပါဘဲ တိုင်းရင်းသားအချင်းချင်း လွတ်လပ်စွာ တွေ့ဆုံခွင့်ပေးပါမည်ဆိုပါက စည်းလုံးညီညွတ်သော နိုင်ငံတော်ကြီးအဖြစ် တည်ထောင်ရန်  အခက်အခဲရှိလိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီ ကာလတစ်လျှောက် တိုင်းရင်းသားလူမျိုး ပေါင်းစုံ အတူယှဉ်တွဲပြီး အေးအတူပူအမျှ အတူတကွ  နေထိုင်လာခဲ့သော နိုင်ငံဖြစ်သည်။ တိုင်းပြည် ကျွန်သပေါက်ဘဝ ရောက်ရှိခဲ့သည့် ကာလမှစ၍ တောင်တန်း နှင့် မြေပြန့်၊  ဗမာနှင့်  ဗမာ၊ ဗမာနှင့် တိုင်းရင်းသား၊ တိုင်းရင်းသားနှင့် တိုင်းရင်းသား အချင်းချင်း  သွေးခွဲအုပ်ချုပ်ခြင်းကို ခံခဲ့ရသည်။ ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ ဗြိတိသျှတို့၏ စစ်အုပ်ချုပ်ရေး လုံးဝရပ်စဲလိုက်ပြီးနောက် စက္ကူဖြူ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည်။ စက္ကူဖြူစာတမ်းအရ  ရှမ်းပြည်နယ်၊ ချင်းတောင်တန်း၊  ကချင်တောင်တန်း စသည့်  ပြည်နယ်များအား  ပြည်မနှင့် ခွဲထုတ်ခဲ့သည်။ အောင်ဆန်း-အက်တလီ စာချုပ် မချုပ်ဆိုမီကပင် ရှမ်းပြည်နယ်မှ ပဒေသရာဇ်စော်ဘွားများက မြန်မာ ပြည်မနှင့်ပူးပေါင်းရေးကို ကန့်ကွက်ကြသည်။ အလားတူ ကချင်တို့ကလည်း မပူး ပေါင်းရေး စည်းရုံးလှုပ်ရှားခဲ့ကြသည်။

 

သွေးကွဲခြင်း ဆိုးမွေ

 

သို့သော် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း  ဦးဆောင်၍ အမျိုးသားခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသားပြည်သူများ တစ်သွေးတစ်သားတည်း ညီညွတ်မှုကို သက်သေထူပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့တွင် သမိုင်းဝင်ပင်လုံစာချုပ်ကို  ရေးထိုးနိုင်ခဲ့သည်။ တောင်တန်း-မြေပြန့် စည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့သည်။ အောင်ဆန်း-အက်တလီစာချုပ်အရ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း မသမာသူများလက်ချက်ဖြင့်  ကျဆုံးသွားသောအခါ ဆက်လက်၍  နု-အက်တလီ စာချုပ် ချုပ်ဆိုသည်။ စာချုပ်အရ ဗြိတိသျှအစိုးရက  မြန်မာနိုင်ငံအား  အချုပ်အခြာအာဏာ လွှဲပြောင်းပေးရန် သဘောတူခဲ့ပြီးနောက်  ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လုံးဝလွတ်လပ် သော မြန်မာနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်။

စည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးကို ရယူနိုင်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သည့် စည်းလုံးညီညွတ်သော မြန်မာပြည်ကြီး ပြန်လည်တည်ဆောက်ရေး၊ ပြန်လည်ထူထောင်ရေးမှာ ဖြစ်မလာသေးပေ။ ယနေ့ကာလတိုင် အလှမ်းဝေးနေသေးသည်မှာ ဝမ်းနည်းစရာဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း ကြိုတင် မြော်တွေးခဲ့သည့်အတိုင်း ပြည်ထောင်စု ဖွား တိုင်းရင်းသားအချင်းချင်း သွေးကွဲစေ မည့် အပြင်အပ ပယောဂမျိုးစုံတို့ ယနေ့ ထက်တိုင်ရှိနေပါသည်။ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ၊ လွတ်လပ်ရေးရပြီး ကာလတစ်လျှောက်တွင် အပြင်အပပယောဂမျိုးစုံတို့ ပူးဝင်နှောင့်ယှက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ တောင်တန်း-ပြည်မ သွေးခွဲမှုစနစ်ဖြင့် ပယောဂမျိုးစုံတို့ ပူးကပ်သည့်အခါ လွတ်လပ်ရေးရပြီး နောက်ပိုင်း ကာလတစ်လျှောက်တွင် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲသည့် ပဋိပက္ခအမွေဆိုးအကျိုးဆက်များ ဖြစ်ပေါ်လျက်ရှိသည်။

 

ညီညွတ်မှုတည်ဆောက်

 

ယနေ့ဖြစ်ပေါ်နေသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို လေ့လာဆန်းစစ်ကြည့်လျှင် လွတ်လပ်ရေးနှင့်အတူ စတင်ပေါ်ပေါက်လာသော လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုးတို့မှတစ်ဆင့် ခေတ်အလိုက် အဆင့်ဆင့်ပြောင်းလဲ ပေါ်ပေါက်လာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ကာလမှစ၍ လွတ်လပ်ရေးရပြီး ကာလများ အတွင်း ဗမာအချင်းချင်း၊ တိုင်းရင်းသား အချင်းချင်း သွေးကွဲခြင်း၏ မျိုးစေ့မှ တစ်ဆင့်ပေါက်ဖွားလာသော အကျိုးဆက်များဖြစ်ပါသည်။ အပြင်အပနိုင်ငံ အဖွဲ့အစည်းများ၏ ပယောဂလောင်စာများနှင့် ပေါင်းစပ်လိုက်သောအခါ မီးလောင်ရာလေပင့်သကဲ့သို့ ပြည်တွင်းပဋိပက္ခများ မဆုံးနိုင်အောင်ဖြစ်နေရသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အကြောင်းဆက်အနေဖြင့် တိုင်းပြည်ကြီးမပြိုကွဲအောင် တပ်မတော်က ကာကွယ်စောင့်ရှောက် နေရခြင်းနှင့် တိုင်းရင်းသားပြည်သူများ လက်နက်ကိုင် ပဋိပက္ခဆိုးကျိုးများ ခံစားနေရခြင်း ဖြစ်ပါသည်။

သွေးကွဲခြင်းနှင့် ပဋိပက္ခများ၏ ဆိုးမွေများသည် အတိတ်၊ ပစ္စုပ္ပန် ကြောင်းကျိုး ဆက်စပ်နေပါသည်။ ထိုဖြစ်ရပ်များကို အမျိုးသားသစ္စာဖောက်များမှလွဲ၍ တိုင်းရင်းသား ပြည်သူများအားလုံး နားလည်သဘောပေါက် နေကြပါသည်။ ပဋိပက္ခများကို မလိုလား၊ စစ်ပွဲများကို မနှစ်မြို့၊ စိတ်ဝမ်းကွဲပြားမှုကို လက်မခံ တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင်ဖြင့် အေးချမ်းစွာနေလိုကြသူများချည်း ဖြစ်ပါ သည်။ သို့ဖြစ်လျှင် ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းချက်ဖြစ်သည့် စည်းလုံးညီညွတ် သော မြန်မာပြည်ကြီး အမြန်ဆုံးပြန်လည် တည်ဆောက်ကြဖို့ ကြိုးစားအားထုတ် ကြရပါမည်။ အပြင်အပ အနှောင့်အယှက် ပယောဂများကို ဖယ်ရှားကြရပါမည်။ သွေးကွဲမှုအမွေဆိုး တွယ်ငြိနေသည့် အမြစ်အငုတ်များကို တူးဆွနုတ်သင် မြေလှန်ဖယ်ရှားကြရပါမည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စုစည်းညီညွတ်သော အားဖြင့် မြန်မာပြည်ကြီး ပြန်လည် တည်ဆောက်ကြရပါမည်။

 

ထလော့မြန်မာ

 

မြန်မာပြည်ကို ပြန်လည်တည်ဆောက် ကြရန်နှင့်ပတ်သက်၍ ၁၉၃၅ ခုနှစ် ဩဂုတ်လထုတ် ကြီးပွားရေးမဂ္ဂဇင်း အတွဲ(၃) အမှတ်(၁၀)တွင် ပုံနှိပ်ဖော်ပြခဲ့သည့် အမျိုးသားစာဆို ဆရာဇော်ဂျီ ရေးသားခဲ့သော “တို့တိုင်းပြည်ကဗျာကို သတိရမိပါသည်။ မြန်မာတစ်မျိုးသားလုံး မျိုးချစ်စိတ်ဓာတ် နိုးကြားထက်သန်စေရန်၊ တိုင်းပြည်အတွက် ကြိုးစားအားထုတ် ကြစေရန် ဆရာဇော်ဂျီက စေတနာဖြင့် ရေးဖွဲ့ထားသည်မှာ ယနေ့ထက်တိုင် အမှတ်တရ အသက်ဝင်ရှင်သန်နေဆဲဖြစ်သည်။ ကဗျာတွင်ထလော့မြန်မာ အိုမြန်မာတို့ဟု အစချီနှိုးဆော်ထားပြီး ကဗျာ၏ နောက်ဆုံးအပိုဒ်တွင် -

“ထလော့မြန်မာ မြန်မာထလော့

အားမပျော့နှင့် မလျော့လုံ့လ

သူကစ၍ ငါကအားလုံး

လက်ရုံးများမြောင် ဉာဏ်များမြောင်နှင့်

စွမ်းဆောင်ကြလေ ဆောင်ကြလေလော့

ဤမြေဤရွာ ဘယ်သူ့ရွာလဲ

ဤယာစပါး ဘယ်သူ့စပါးလဲ

ထားလော့တာဝန် ပွန်လော့လုပ်ငန်း

ဉာဏ်ရှေ့ပန်း၍

တစ်ဝမ်းတစ်စိတ် ညီစေသတည်း။ဟု ဖွဲ့ဆိုထားပါသည်။

 

ဆရာဇော်ဂျီ၏ “တို့တိုင်းပြည်ကဗျာသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလက မြန်မာတို့၏ အားမာန်များ ရေချိန်မြင့်လာရန်အတွက် တွန်းအားပေးလိုက်သည့် ကဗျာတစ်ပုဒ်ဖြစ်သည်။ ထိုကာလက မှိန်းနေသော မြန်မာလူမျိုးများကို ပုတ်နှိုးလိုက်သော နှိုးဆော်ကဗျာဖြစ်သည်။ ပျင်းရိနေသောသူ၊ မှိန်းနေသောသူ၊ အိပ်ပျော်နေသောသူ၊ ငေးမှိုင်းတွေဝေ နေသောသူတို့ကို တပ်လှန့်နှိုးဆော်လိုက်သည့် ကဗျာတစ်ပုဒ်ဖြစ်သည်။ မျက်မှောက်ကာလတွင်လည်း လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ စိတ်မချမ်းမြေ့ဖွယ် အခြေအနေတို့ကို အကြောင်းပြု၍ လမ်းမှားလိုက်နေသူများ၊ မှေးလိုက်နေသူများ၊ တွေဝေငေးမောနေသူများ၊ စိတ်ပျက် လက်ပျက်ဖြစ်နေသူများ၊ အားငယ်နေသူများအတွက်လည်း ဤကဗျာဖြင့် စိတ်ဓာတ်ခွန်အား တွန်းအားပေးချင်ပါသည်။

 

နာလန်မထူနိုင်

 

မြန်မာနိုင်ငံတွင် ကောက်ပဲသီးနှံ ဆန်ရေစပါးနှင့် သဘာဝသယံဇာတများ ပေါများကြွယ်ဝသော်လည်း ထိထိရောက်ရောက် အသုံးမချနိုင်သော အကြောင်းအမျိုးမျိုးရှိသည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုသည် ကြောင်းကျိုးဆက်စပ်သည်။ တည်ငြိမ် အေးချမ်းမှုနှင့် စည်းလုံးညီညွတ်မှုသည် ကြောင်းကျိုးဆက်စပ်သည်။ အဖျက် အမှောင့် အနှောင့်အယှက်များကြောင့် တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှုတို့ လျော့ပါးသောအခါတွင် လုပ်သာကိုင်သာ အခွင့်အလမ်းနည်းပြီး အခြားတိုင်းပြည်များနှင့်စာလျှင် အဘက်ဘက်၌ နိမ့်ကျနေသော အနေအထားများနှင့် ကြုံတွေ့နေရပါသည်။

ထိုသို့သောအခြေအနေကို ကျော်လွှားနိုင်ရန်အတွက် ညီညွတ်ကြဖို့၊ ကြိုးစားအားထုတ်ကြဖို့ လိုပါသည်။ နေမြဲ နေ၊ မှိန်းမြဲ မှိန်း၊ စိတ်ပျက်မြဲ စိတ်ပျက်၊ အားငယ်မြဲ အားငယ်၊ ဖျက်ဆီးမြဲဖျက်ဆီး နေပါက နောက်ကျသထက် နောက်ကျ၊ ဆင်းရဲသထက် ဆင်းရဲကာ ကြာရှည်လာလေလျှင် နာလန်မထူနိုင်သည့် နိုင်ငံ၊ ဆရာဇော်ဂျီဆိုသကဲ့သို့ “လောကပြိတ္တာ ဖြစ်မလားလို့ပင် ဆိုချင်ပါသည်။

ထို့ကြောင့် မြန်မာများနိုးထကြဟု နှိုးဆော်ချင်ပါသည်။ စိတ်မပျက်နှင့်၊ အားမလျှော့နှင့်၊ စိတ်ဝမ်းမကွဲနှင့် တစ်ယောက်မှအစ အားလုံးပါဝင်၊ စည်းလုံး ညီညွတ်စွာဖြင့် တိုင်းရင်းသားပြည်သူ အားလုံး၏ ကာယအား၊ ဉာဏအား အားများပေါင်းစုပြီး အဖျက်ရန်စွယ်၊ အန္တရာယ်မှန်သမျှကို တွန်းလှန်ဖယ်ရှားကြဖို့။ မိမိအကျိုးစီးပွား၊ တိုင်းပြည်အကျိုး စီးပွား တိုးပွားလာစေရန် စွမ်းဆောင်ကြဖို့၊ ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါသည်။ ဤနိုင်ငံသည် မိမိတို့နိုင်ငံ၊ ဤမြေသည် မိမိတို့မြေ၊ ဤရေသည် မိမိတို့ရေ၊ ဤလူမျိုးတို့သည် မိမိတို့လူမျိုး၊ ဤသယံဇာတများသည် မိမိတို့သယံဇာတ များဖြစ်သည်။ မိမိတိုင်းပြည်ကိုချစ်၍၊ မိမိလူမျိုးကိုချစ်၍၊ မိမိရေ၊ မြေ၊ သယံဇာတတို့ကို တန်ဖိုးထား၍ မိမိနိုင်ငံအကျိုးစီးပွား၊ မိမိတို့အကျိုးစီးပွားကို မိမိတို့ ကိုယ်တိုင် သယ်ပိုးရွက်ဆောင်မှ၊ ကြိုးကုတ်အားထုတ်မှ၊ ရှေ့သို့တက်လှမ်းနိုင်မှ အောက်ကျ နောက်ကျအဖြစ်မှလွန်ကာ လူတစ်လုံး သူတစ်လုံးနှင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ နေထိုင်နိုင်မည်ဖြစ်သည်။

 

လက်တွဲဆောင်ရွက်

 

နိုင်ငံတော်အစိုးရက နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူ အားလုံးအတွက် ငြိမ်းချမ်းသာယာ ဝပြောသည့် အနာဂတ်ကိုရည်မှန်းလျက် ကောင်းမွန်သည့် ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိပါ သည်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ထားရှိပြီး စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက် အဖြစ် ချမှတ်ထားပါသည်။ ရည်မှန်းချက် များ အောင်မြင်ရေးအတွက် နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူများလက်တွဲပြီး ဆောင်ရွက်သွား ကြရပါမည်။ နိုင်ငံတော်က စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍများ အပါအဝင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကဏ္ဍအလိုက် အကောင်အထည်ဖော်လျက်ရှိပါသည်။

ထို့အပြင် သဘာဝထွက်ကုန် သယံဇာတပစ္စည်းများနှင့် အခြားထွက်ကုန် ပစ္စည်းများကို အခြေခံသည့် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ပေးပြီး ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံ့စီးပွား တိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုမြင့်မားရေး၊ နိုင်ငံဖွံ့ဖြိုးရေးတွင် သုတေသနလုပ်ငန်းသည် အရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ် သည်။ သုတေသနပြုလုပ်၍ တီထွင်ဖန်တီး မှုနှင့် ဆန်းသစ်မှုများကို ပြုလုပ်ကြပြီး အောင်မြင်မှုကို ရယူနိုင်ပါသည်။ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံများသည် ကုန်ထုတ် လုပ်ငန်းမှအစ နယ်ပယ်အသီးသီးတွင် သုတေသနပြုမှုများကို အစဉ်အမြဲပြုလုပ်ကြပြီး အောင်မြင်မှု များရရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် စိုက်ပျိုးရေး ထွက်ကုန်သည်ပင် မြန်မာနိုင်ငံတွင်လည်း အလားတူထွက်ရှိသော်လည်း ဈေးကွက်မတိုးနိုင်သည့် အနေအထားများ ရှိနေသည်။ သုတေသနပြု ထုတ်လုပ်ကြသည့် အိမ်နီးချင်းနိုင်ငံများ၏ စိုက်ပျိုးရေး ထွက်ကုန်များမှာ မျက်နှာပန်းလှ ဈေးကွက် ဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။

 

mdn

 

သုတေသနအသုံးချ

 

ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများသည် သိပ္ပံနှင့်သုတေသနဆိုင်ရာတွင် အင်အား အကောင်းဆုံး ဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်ခုအတွင်း ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်လာမှု၏ ထက်ဝက်ကျော်မှာ သိပ္ပံပညာနှင့် တီထွင်ဆန်းသစ်နိုင်မှု၏ သုတေသနရလဒ်များကြောင့်ဟု သိရသည်။ ခေတ်မီဆန်းပြားသော နည်းပညာများကို ပြည့်ပြည့်ဝဝ အသုံးချနိုင်သောကြောင့် နိုင်ငံများ အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာကြသည်ကို တွေ့ရသည်။ သုတေသနပညာရပ်သည် ကမ္ဘာနှင့်ချီသည့် တီထွင်ဆန်းသစ်မှုများ သာမကကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုပါ အကျိုးပြုသည်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးစသည့် နယ်ပယ်မျိုးစုံတွင် သုတေသနသည် အောင်မြင်မှုအတွက် အထောက်အပံ့ကောင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ သုတေသနပညာကို အသုံးချနိုင်သည့် တတ်သိနားလည်သော လူ့စွမ်းအား အရင်းအမြစ်များ အထူး လိုအပ်လျက်ရှိသည်။

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ အနေဖြင့် စိန်ခေါ်မှုများ၊ အခက်အခဲများ များစွာရှိသော်လည်း ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များ ပြုစု ပျိုးထောင်ရေးအတွက် နည်းပညာများ မျှဝေခြင်း၊ သုတေသနမှ ရရှိလာသော အသိပညာများနှင့် လက်တွေ့အသုံးချ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများဖွင့်လှစ်ခြင်း၊ အရည်အသွေးမြင့် နာနိုဒြပ်ပစ္စည်းများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အသုံးပြုခြင်း၊ နိုင်ငံတကာအဆင့်မီ အစားအစာ၊ ဆေးဝါးနှင့် ဓာတုနည်းပညာအတွက် နှစ်စဉ်စီမံကိန်းများဖြင့် သုတေသန ဓာတ်ခွဲခန်းများ တိုးချဲ့ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များ အပါအဝင် ကုန်ပစ္စည်းများ စံချိန်စံညွှန်းမီရေး ဓာတ်ခွဲ တိုင်းတာမှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ပြန်လည်နိုးထ

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်၍ စိုက်ပျိုး ရေးနယ်ပယ် အမျိုးမျိုးတို့တွင် ဈေးကွက် ဝင်သော၊ အရည်အသွေးမြင့်မားသော စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်ရာ တွင် စိုက်ပျိုးရေးသုတေသနကို ထိထိ ရောက်ရောက် အသုံးချရမည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော မျိုးအသစ်များ၊ မြေဩဇာအသစ်များ၊ ခေတ်မီတိုးတက်သည့် စိုက်ပျိုးရေးနည်းသစ်များကို လေ့လာ ဆန်းစစ် သုတေသနပြု ဖော်ထုတ်နိုင်မှသာ အလားအလာကောင်းများ ရရှိမည်ဖြစ် သည်။ အစဉ်ဆန်းသစ်ထားသော အရည် အသွေးကောင်းမွန်သည့် ထုတ်ကုန်များကို ပြည်တွင်း/ပြည်ပ ကုန်စည်ပြပွဲများမှ တစ်ဆင့်မျှဝေကြခြင်းဖြင့် နိုင်ငံတကာ ဈေးကွက်ဝင်မည်ဖြစ်သည်။ မြန်မာ့ ထုတ်ကုန်များ အရည်အသွေးကောင်းပါက လိုချင်သူများပေါလှ၍ ပြန်လည်နိုးထ ကြိုးစားကြဖို့လိုပါသည်။

အချုပ်အားဖြင့်ဆိုလျှင် အဘက်ဘက်တွင် အင်အားတောင့်တင်းခိုင်မာပြီး နိုင်ငံမျက်နှာမငယ် မော်ကြွားစွာရပ်တည်နိုင်သည့် နိုင်ငံဖြစ်စေရန်အတွက် နိုင်ငံညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်အသီးသီးတွင် ယခုအချိန်မှစ၍ နိုးထကြပြီး အားလုံး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရပါမည်။ အချင်းချင်း သွေးကွဲ၊ စည်းလုံးညီညွတ်မှုပျက်ပြားပြီး မညီညွတ်မှုများ ဆက်လက်ဖြစ်ပွားနေပါ လျှင် တိုင်းပြည်နာလန်မထူနိုင်သည့် အဖြစ်ကို ရောက်နိုင်ပေသည်။

ထို့ကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဆန္ဒဖြစ်သည့် စည်းလုံးညီညွတ်သော မြန်မာပြည်၊ တိုးတက်သောတိုင်းပြည်အဖြစ် ပြန်လည် တည်ဆောက်နိုင်ရန်အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး တစ်သွေးတည်း တစ်သားတည်း နိုးကြားတက်ကြွစွာ ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။