စည်းလုံးညီညွတ်သည့် ပြည်ထောင်စု

၁၂ ဖေဖော်ဝါရီ

ယနေ့သည်ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်သည်။ တစ်တိုင်းပြည်လုံး သွေးစည်းညီညွတ်ကြောင်းကို သက်သေထူပြနိုင်သည့် နေ့ထူးနေ့မြတ်ဖြစ်သည်။ ညီညွတ်သော ပြည်ထောင်စုကို သက်သေပြနိုင်သဖြင့် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် ခိုင်မြဲစွာရပ်တည်လျက်ရှိသည်။ 

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားလူမျိုး အမြောက်အမြားဖြင့် ဖွဲ့စည်းတည်ဆောက်ထားသောနိုင်ငံတော်ဖြစ်သည်။ နှလုံးမွေ့လျော်ဖွယ်ကောင်းသော အေးချမ်းသာယာသည့် အဖိုးတန်ရတနာ မြေတွင်တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် နှစ်ပရိစ္ဆေဒကြာမြင့်စွာကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်လျက် အေးအတူပူအမျှ နေထိုင်ခဲ့ကြသည်။ ရှေးက ကိုယ့်အစုအဖွဲ့နှင့်ကိုယ်၊ ကိုယ့်အသိုင်းအဝိုင်းနှင့်ကိုယ်၊ ကိုယ့်အယူအဆ ကိုယ့်အတွေးအခေါ်နှင့်ကိုယ် သီးသီးသန့်သန့် နေထိုင်ခဲ့ ကြသည်ဆိုသော်လည်း တစ်ဦးနှင့်တစ်ဦး ဆက်သွယ်မှုကင်းကြသည် မဟုတ်ပေ။

စီးပွားကုန်သွယ်လုပ်ကိုင်မှုအရ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံ ရသည်။ အကျိုးတူစီးပွားဖြစ်ထွန်းမည့်ကိစ္စများ ပေါ်ပေါက်သည့်အခါ၌လည်း ပူးပေါင်းလက်တွဲဖြေရှင်းကြရသည်။ သဘာဝဘေးဒဏ်၊ ပြည်ပသူစိမ်း တစ်ရံဆံများ ကျူးကျော်ဝင်ရောက်သည့် ထူးခြားသည့်အန္တရာယ်အရေး ကိစ္စများ ပေါ်ပေါက်သည့်အခါ၌လည်း နှစ်ပေါင်းများစွာ အတူနေထိုင်ကြ သူများဖြစ်၍ အရေးကြီးလျှင် သွေးနီးသည်ဆိုသကဲ့သို့ ပေါင်းစည်းညီညွတ်စွာဖြင့် ဖြေရှင်းကြရသည်။ ကာကွယ်ခဲ့ကြသည်။ ဤသို့ တစ်ဦးနှင့် တစ်ဦး လက်တွဲပူးပေါင်းရာမှတစ်ဦးနှင့်တစ်ဦး နားလည်သဘောပေါက်ခဲ့ကြသည်။ ချစ်ခင်ရင်းနှီးခဲ့ကြသည်။

ထို့ကြောင့် တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် တရားတော်အရ အဆွေခင်ပွန်းများ ဖြစ်ကြသည်။ မိမိကိုယ်နှင့်ထပ်တူထပ်မျှ သဘောထားပြီး သေအတူရှင်မခွဲ တစ်စိတ်တစ်ဝမ်းတည်း မှတ်ယူရမည့်သူများဖြစ်သည်။ တိုင်းရင်းသားလူမျိုးအသီးသီးတို့သည်အစဉ်အမြဲ စည်းလုံးညီညွတ်နေရမည်။ တစ်ဦးကောင်းကျိုးကို တစ်ဦးက နှစ်နှစ်သက်သက်လိုလိုလားလား အကျိုး စီးပွားဖက်ရမည်။ တစ်ဦးအကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်းကို တစ်ဦးက မည်သည့်အခါမျှ မပြုလုပ်မဆောင်ရွက်ရပေ။ ဤအတွေးအမြင်ကို နယ်ချဲ့ လက်အောက်ကျရောက်နေခိုက် မန်လည်ဆရာတော်ဘုရားကြီးက မဃဒေဝလင်္ကာသစ်တွင်ရေးဖွဲ့၍ တိုင်းရင်းသားလူမျိုးအသီးသီးတို့ကို အသိပေးခဲ့သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ညီညွတ်ရေးကို ဦးဆောင်ကြိုးပမ်းပေးသည်။ တိုင်းရင်းသားလူမျိုးများက နယ်ချဲ့လက်အောက်မှလွတ်မြောက်လိုသည့် ပြင်းပြသောအခြေခံဆန္ဒဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကြံ့ခိုင်မှုကြောင့် အမျိုးမျိုးသွေးခွဲမှု၊ သွေးကွဲမှုများ ရှိခဲ့သော်လည်း သွေးမကွဲဘဲ စည်းလုံးညီညွတ်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ စည်းလုံးညီညွတ်ရေးကို အထင်အရှားပြသသည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ ပင်လုံစာချုပ်ကြောင့် နယ်ချဲ့ဗြိတိသျှတို့သည် တိုင်းရင်းသား လူမျိုးများ၏ သွေးစည်းညီညွတ်မှုကို အလေးဂရုပြုလာရသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးကို လုံးဝရှောင်လွှဲမရသောကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ လ ၄ ရက်နေ့တွင် လုံးဝလွတ်လပ်သော နိုင်ငံတော်ဖြစ်လာခဲ့သည်။

တိုင်းရင်းသားပြည်သူအားလုံး၏ ခိုင်မြဲသောပြည်ထောင်စုစိတ်ဓာတ်၊ ထက်သန်သော စည်းလုံးညီညွတ်မှုတို့ကြောင့် လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်ဆိုင်သည့် နိုင်ငံတော်ကြီးအဖြစ် တင့်တယ်စွာရပ်တည်နေနိုင်သည်။ စည်းလုံးညီညွတ်သော ပြည်ထောင်စုနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေစေရန်အတွက် စည်းလုံးညီညွတ်မှုကို အခိုင်အမာ တည်ဆောက်ထားမှသာ ဖြစ်နိုင်ပေသည်။ မန်လည်ဆရာတော်ဘုရားကြီး မိန့်မှာသကဲ့သို့ တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ကာကာ အကျိုးစီးပွားဖက်၍ အဆွေခင်ပွန်းများကဲ့သို့ ယုံယုံကြည်ကြည် မေတ္တာဖက်လျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည်ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စုကြီး ထာဝစဉ်အခွန့်ရှည်တည်တံ့ခိုင်မြဲစေမည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန် ရည်မှန်းထားပြီးဖြစ်ရာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား သံသယစိတ် ကင်းစင်ပြီး ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့ကို ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ