စွန့်ပစ်အမှိုက်များလျှော့ချဖို့ ကိုယ်စီအသိစိတ်ဓာတ်ဖြင့် ကြိုးစားကြပါစို့

နိုင်ဦး (DOCA)

ကျွန်တော်သည် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာတွင်နေသည်။ နေ့စဉ် တိုက်ရှေ့လမ်းထဲသို့ ဆိုင်ကယ်နောက်တွင် ဝါးခြင်းနှစ်ခြင်းချိတ်ဆွဲ၍ အမှိုက်ကောက်သော လင်မယားနှစ်ဦးနှင့် မကြာမကြာဆုံခဲ့၍ ခင်မင်ခဲ့ကြသည်။ ကျွန်တော်က စာအုပ်ဟောင်းတွေ၊ ပုလင်းခွံတွေ၊ ပလတ်စတစ်အိတ်တွေ၊ ပလတ်စတစ်ဘူးခွံတွေကို သီးခြားအိတ်ဖြင့်ထည့်ကာ ကြုံတိုင်းပေးဖြစ်သည်။ နောက်တော့သူတို့အိမ်ကို လာလည်ရန်ဖိတ်၍ သွားဖြစ်သည်။ သူတို့အိမ်ကိုရောက်တော့ ကျွန်တော်အံ့သြရသည်။ ကိုယ်ပိုင်မြေ၊ ကိုယ်ပိုင်တိုက်အိမ်နှင့် ဖြစ်ရုံသာမက သားသမီးများ၏ ဘွဲ့ဝတ်စုံဖြင့် ဓာတ်ပုံများကိုတွေ့ရ၍ မေးကြည့်ရာ သူတို့သည် အညာဒေသကဖြစ်ကြောင်း၊ ကြီးပွားတိုးတက်ချင်၍ နေပြည်တော်သို့ တက်လာခဲ့ကြောင်း၊ ပညာ အရည်အချင်းမရှိ၍ အလုပ်ကောင်းမရကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် ဝင်လုပ်ရာ ခဏတာ အဆင်ပြေသော်လည်း ကုမ္ပဏီပြန်သွား၍ အခက်အခဲဖြစ်ရကြောင်း၊ ရွာသို့လည်း မပြန်ချင်၊ အရင်းအနှီးလည်း မရှိ၍ သူများမလုပ်သည့် အမှိုက်ကောက်သည့် အလုပ်ကိုလင်မယားနှစ်ယောက် စက်ဘီးလေးတစ်စီးဖြင့် စလုပ်ခဲ့ကြောင်း၊ ရရှိသည့် စက္ကူပေါင်းစုံ၊ ပုလင်းခွံပေါင်းစုံ၊ အခြားပစ္စည်းစုံတွေကို ကောက်ယူရောင်းချရာမှ နေ့စဉ်ဝင်ငွေနှစ်သောင်းနှင့်အထက် ရရှိပါကြောင်း၊ အမှိုက်ကောက်၍ ရောင်းချရာမှ ရရှိသည့်ငွေဖြင့် ရှစ်နှစ်အတွင်း ဒီအိမ်နှင့်ဒီခြံကို ဝယ်နိုင်ခဲ့သည့်အပြင် သားသမီးသုံးဦးကိုလည်း ဘွဲ့ရ၊ အလုပ်အကိုင်ရအောင် ထောက်ပံ့ဆောင်ရွက်ပေး နိုင်ခဲ့ပါကြောင်း အားရပါးရပြောပြသည်။ စွန့်ပစ်အမှိုက်များ လျော့နည်းစေ၊ မိမိဘဝလည်း တိုးတက်စေ၊ မိဘတာဝန်ဝတ္တရားများလည်း ကျေစေ၊ ရိုးသားကြိုးစားကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနေသော လင်မယားနှစ်ဦးကို ကျွန်တော်ချီးကျူးမိသည်။

တစ်ခါကလည်း လွန်ခဲ့သော ၁၉၈၃-၈၄ ခုနှစ်လောက်ကဖြစ်မည်ထင်သည်။ ရန်ကုန်တွင် နေထိုင်သော ဝန်ထမ်းများဖြစ်သည့် ဦးလေးနှင့် အဒေါ်အိမ်သို့ကျွန်တော် အလည်သွားဖြစ်သည်။ အဒေါ်သည် စည်းကမ်းကြီးသည်။ အိမ်ကို သန့်ရှင်းနေအောင် နေ့စဉ်လိုလို တံမြက်စည်းလှည်းသည်။ ရေဖတ်ဖြင့် တိုက်သည်။ အဝတ်အစားများကိုလည်း ဟောင်းဟောင်း၊ သစ်သစ်သေသေချာချာ မီးသွေးမီးပူအသုံးပြု၍ မီးပူတိုက်ကာ စနစ်တကျ သိမ်းဆည်းထားသည်။ စွန့်ပစ်ပစ္စည်းများဖြစ်သည့် ဖန်ပုလင်းခွံများကို ဆီပုလင်း၊ ငံပြာရည်ပုလင်း စသည်ဖြင့် ပြန်လည်အသုံးပြုသည်။ ပိုလျှံသည့် ပုလင်းများကိုလည်း ဆေးပုလင်း၊ ဆားပုလင်း စသည်ဖြင့်ပြန်လည်သုံး၍ ပိုလျှံသည်များကို သီးခြားဂုန်နီအိတ်တွင်ထည့်၍ သိမ်းသည်။ စာအုပ်အဟောင်းများ၊ စက္ကူစုတ်များ၊ ပလတ်စတစ်အိတ်များကိုလည်း အလားတူပင် သီးခြားဂုန်နီအိတ်ဖြင့်ထည့်ကာ စုထားပြီးမှ ရောင်းချသည်။ အမှိုက်ကို စနစ်တကျသိမ်းဆည်း၍ အိမ်လည်းရှင်းစေ၊ အမှိုက်ကလည်း ငွေဖြစ်စေ၊ တစ်ဖက်တစ်လမ်းကလည်း ဝင်ငွေရရှိစေရန် စည်းကမ်းတကျ ဆောင်ရွက်သော အဒေါ်ဖြစ်သူကို ကျွန်တော်လေးစားခဲ့သည်။

လွန်ခဲ့သောနှစ်များစွာက ကမ္ဘာပေါ်တွင် အမှိုက်ပြဿနာသည် မရှိသလောက်ရှားပါးသည်။ အလွယ်တကူ ပျက်စီး၍ မြေကြီးထဲတွင် ပျော်ဝင်နိုင်သည့် သဘာဝပစ္စည်းများကိုသာ ထုတ်လုပ်သုံးစွဲကြ၍ စွန့်ပစ်ပစ္စည်းများကို အလွယ်တကူပင် မြေကျင်းတူး၍ မြှုပ်နှံခြင်း၊ မြေကျင်းထဲတွင် စုပုံထားခြင်းဖြင့် ဆွေးမြည့်စေသည့်နည်းလမ်းများဖြင့် ဖြေရှင်းခဲ့ကြသည်။ ယနေ့အချိန်အခါတွင်မူ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူသားတို့၏ အလွယ်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် ငွေများစွာ အကုန်အကျခံကာ တီထွင်ထုတ်လုပ်သော ပလတ်စတစ်ပစ္စည်းတွေ၊ ဖိုင်ဘာပစ္စည်းတွေ၊ သတ္တုပစ္စည်းတွေ၊ ဓာတုပစ္စည်းတွေ၊ စက်မှုသုံးပစ္စည်းတွေကြောင့် ကမ္ဘာကြီးဟာ အရုပ်ဆိုး အကျည်းတန်နေပါပြီ။ အသက်ရှူရန် အခက်အခဲဖြစ်၍ ဖုတ်လိုက် ဖုတ်လိုက်ဖြစ်နေပါပြီ။ နိုင်ငံတိုင်းတွင် အလွယ်တကူ ဆွေးမြည့်ပျက်စီးရန် မလွယ်ကူသည့်ပစ္စည်းများသည် ဗရပွ ဖြစ်နေပေပြီ။ မြေထု၊ ရေထု၊ လေထုထဲတို့တွင် ဘယ်လောက်များ ပျံ့နှံ့နေရာယူနေပြီလည်း မသိနိုင်ပေ။ သို့သော်သေချာသော အချက်တော့ ရှိသည်။ လူသားတွေသန့်စင်သောလေကို ရှူရှိုက်ရန် အခွင့်အရေးနည်းပါးလာ တော့မည်။ အေးမြကြည်လင်သန့်ရှင်းသော ရေကိုသောက်သုံးခွင့် ဆုံးရှုံးရတော့မည်။ မြေကြီးမှ ထွက်ရှိသော သဘာဝအသီးအနှံများကို စားသုံးခွင့်လက်လွှတ်ရတော့မည်မှာ မလွဲဧကန်ဖြစ်ပေသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမှိုက်ပြဿနာသည် ပြည်တွင်း၌ ကြုံတွေ့နေရသည့် အခက်အခဲမဟုတ်၊ နိုင်ငံအချင်းချင်းပါ ထိလွယ်ရှလွယ်သော အနေအထား ဖြစ်လာနေကြောင်း သတိပြုမိလာသည်။ မကြာမီက ကနေဒါနိုင်ငံက စွန့်ပစ်အမှိုက်တွေကို ပြန်လည်သန့်ရှင်း အသုံးပြုဖို့အတွက် ဖိလစ်ပိုင်နိုင်ငံဆီ ပေးပို့လျက်ရှိနေတာကို မကျေနပ်လို့ ဖိလစ်ပိုင်နိုင်ငံက ကနေဒါနိုင်ငံကို ဖိလစ်ပိုင်မှာရှိတဲ့ ကနေဒါနိုင်ငံက ပေးပို့ထားတဲ့ စွန့်ပစ်အမှိုက်ကွန်တိန်နာတွေကို လာပြန်သယ်ဖို့ပြောသည်။ ဒါကို ကနေဒါနိုင်ငံက လျစ်လျူရှု၍ ဖိလစ်ပိုင်သမ္မတက သူတို့နိုင်ငံသားတွေ ကနေဒါနိုင်ငံကိုမသွားဖို့ တားမြစ်သည်။ သံတမန်အဆက်အသွယ် ဖြတ်တောက်မယ်လို့ ပြောတဲ့အခါကျမှ ကနေဒါနိုင်ငံက ဖိလစ်ပိုင်နိုင်ငံကိုတင်ပို့ထားတဲ့ စွန့်ပစ်အမှိုက်ကွန်တိန်နာတွေကို ပြန်သယ်သည်။ ဒါတောင် သင်္ဘောတင်ခနှင့် အလုပ်သမားခများကို ဖိလစ်ပိုင်နိုင်ငံက ကျခံခဲ့ရသေးသည်။ ဒါကြောင့် ဖိလစ်ပိုင်သမ္မတက ၎င်း၏နိုင်ငံဟာ ကမ္ဘာ့အမှိုက်ပုံမဟုတ်ဟုအတိအလင်း ကမ္ဘာကိုကြေညာခဲ့သည်။ မည်သည့်နိုင်ငံမှ ဘယ်အမှိုက်သင်္ဘောမျှ ဖိလစ်ပိုင်နိုင်ငံ ဆိပ်ကမ်းတွေကို ဆိုက်ကပ်ခွင့်ကိုလည်း တားမြစ်ခဲ့တယ်လို့ သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံကလည်း သြစတြေးလျနိုင်ငံမှ တင်သွင်းလာသော အမှိုက်များကို လာရောက်ပြန်သယ်ရန် ညှိနှိုင်းနေဆဲဖြစ်သည်ဟု မီဒီယာများတွင် ဖော်ပြထား၍ သိရှိရပါသည်။

အင်အားကြီးနိုင်ငံအချို့သည် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ သူတို့နိုင်ငံသဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးအတွက် ထွက်ရှိသမျှ စွန့်ပစ်အမှိုက်များကို ဆင်းရဲနွမ်းပါးသောနိုင်ငံများသို့ မက်လုံးအမျိုးမျိုးပေးကာ စွန့်ပစ်လျက်ရှိနေကြသည်။ ပြန်လည်သန့်စင်အသုံးပြုရန်နည်း ပညာများပေးကြသည်။ ဤနည်းဖြင့် ၎င်းတို့နိုင်ငံ၏ စွန့်ပစ်အမှိုက်ပြဿနာများကို ဖြေရှင်းကြသည်။ စွန့်ပစ်ခံရသော နိုင်ငံအတွင်းရှိ အစိုးရရော၊ ပြည်သူများပါ အဆိုပါ စွန့်ပစ်အမှိုက်ပြဿနာများကြောင့် ရောဂါပေါင်းစုံခံစားရခြင်း၊ အဆိပ်ငွေ့များ ရှူရှိုက်ရခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ရခြင်းစသည့် မကောင်းသည့် ဆိုးကျိုးများကို ကျောကော့အောင် ခံစားကြရသည်။

လက်ရှိတွင် စွန့်ပစ်အမှိုက်ပြဿနာသည် တဖြည်းဖြည်းကြီးမားလာနေသည်။ တစ်ကမ္ဘာလုံးရှိ ပြည်သူများကလည်း စွန့်ပစ်အမှိုက်များ၏ ဆိုးကျိုးများကိ နားလည်လာကြသည်။ သဘောပေါက်လာကြသည်။ အမှိုက်ကိစ္စများနှင့်ပတ်သက်၍ တောင်းဆိုမှုများ၊ ဆန္ဒပြမှုများဖြင့် ဖြေရှင်းပေးရန် သက်ဆိုင်ရာအစိုးရများထံ အသိပေးပြသမှုများ ပြုလုပ်နေကြသည်။ အစိုးရများကလည်း ပြည်သူများ၏ တောင်းဆိုမှုများကို လက်ပိုက်ကြည့်မနေ၊ အစိုးရအတွင်း၊ အစိုးရအချင်းချင်း၊ နိုင်ငံအချင်းချင်း ဆက်သွယ်ညှိနှိုင်းကာ ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။ သို့သော် လျော့ပါးသွားရုံသာရှိသည်။ ကင်းစင်ပျောက်ကွယ်သွားမှု မရှိသေးပေ။ ကိုယ်ကျိုးစီးပွားကာကွယ်ရေး အတွက် နည်းလမ်းပေါင်းစုံအသုံးပြု၍ စွန့်ပစ်အမှိုက်ပြဿနာများကို ဖြေရှင်းနေကြဆဲဖြစ်ပါသည်။

ဤတွင် မီဒီယာအချို့တွင် ဖော်ပြထားသော အိုက်စလန်ကျွန်းနိုင်ငံလေးအကြောင်းကို စိတ်ဝင်စားမိသည်။ နိုင်ငံ၏ လျှပ်စစ်စွမ်းအင်လိုအပ်ချက်၏ ၇၉ ရာ ခိုင်နှုန်းကျော်ကို ရေတံခွန်တွေ၊ မြေအောက်ရေစီးကြောင်းတွေ၊ ပင်လယ်လှိုင်းတွေ၊ လေစွမ်းအင်သုံး တာဘိုင်တွေ၊ နေစွမ်းအင်သုံး ဆိုလာစနစ်တွေနဲ့ပေးသည်။ တစ်နိုင်ငံလုံးကိုပေးဝေနေတဲ့ ရေချိုလည်း ရေပူရော၊ ရေအေးပါ ပေးသည်ဆိုပဲ။ တစ်နိုင်ငံလုံး အမှိုက်ပြဿနာ ဖြေရှင်းပုံကိုလည်း အတုယူဖွယ် သိရှိရသည်။ ရပ်ကွက်တိုင်းမှာ ပရဟိတအမှိုက်ကောက်အဖွဲ့တေ ဖွဲ့ထားသည်။ အဲဒီအဖွဲ့ကို အစိုးရက ယာဉ်တွေ၊ အမှိုက်ကောက်ရာမှာ သုံးတဲ့ပစ္စည်းတွေကို ပံ့ပိုးပေးထားသည်။ အဲဒီအဖွဲ့က ပလတ်စတစ်အိတ်တွေ၊ ပုလင်းတွေ၊ ဘူးတွေကိုသက်သက်၊ ပြန်သုံးလို့ရတဲ့ အမှိုက်တွေကိုသက်သက်၊ မြေသြဇာအဖြစ် သုံးစွဲနိုင်တာတွေကိုသက်သက် စုထားသတဲ့။ လကုန်တိုင်း သူတို့သက်သက်စီစုထားတာတွေကို တန်နဲ့တွက်ပြီး လာသိမ်းတဲ့ကုမ္ပဏီက ငွေပေးချေသတဲ့။ အဲဒီငွေတွေကို ပရဟိတအမှိုက်သိမ်းတဲ့အဖွဲ့က ခွဲဝေယူကြသတဲ့။ အမှိုက်ကောက်ရာတွင် လိုအပ်သောပစ္စည်းများကို ပြန်လည်ပြုပြင် ပြင်ဆင်ဖြည့်ဆည်း ဆောင်ရွက်ကြသတဲ့။ အမှိုက်တွေဝယ်ယူတဲ့ ကုမ္ပဏီကလည်း သဘာဝမြေသြဇာတွေ၊ ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေထုတ်လုပ်ပြီး ပြန်ရောင်းသတဲ့။ အဲဒါနဲ့ပဲအမှိုက်ပြဿနာကို ဖြေရှင်းနေတယ်လို့ သိရှိရပါသည်။

အမှိုက်ဟုသတ်မှတ်ထားသည့် အရာများကိုထုတ်လုပ်ရန် စက်မှုနည်းပညာများက အလွန်လွယ်ကူသော အဆင့်သို့ ရောက်နေပါသည်။ တချို့သော ပစ္စည်းများသည် ထုတ်လုပ်ရန် စက္ကန့်ပိုင်းလောက်ပင် အချိန်ကြာသည်။ ထိုပစ္စည်းများကို တွက်ခြေကိုက်ရန် များစွာထုတ်လုပ်သည်။ ကမ္ဘာအနှံ့အပြားသို့ တင်ပို့ရောင်းချသည်။ ထိုပစ္စည်းများကို ကမ္ဘာအရပ်ရပ်ရှိ စားသုံးသူများက အလွယ်တကူ ဝယ်ယူသုံးစွဲသည်။ ပြီးတော့ရှေ့ဆက်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို မစဉ်းစားဘဲလွယ်ကူစွာ ပုံစံမျိုးစုံဖြင့် စွန့်ပစ်နေကြသည်။ သို့သော်အဆိုပါ စွန့်ပစ်အမှိုက်များ ကွယ်ပျောက်သွားစေရန်၊ ရှင်းလင်းသွားစေရန် ဆောင်ရွက်ရသောဌာနသည် ငွေကြေးများစွာ သုံးစွဲရသည်။ အဆိုပါငွေကြေးများသည် ပြည်သူများ၏ အခွန်အခများဖြင့် လည်ပတ်နေကြောင်း သတိပြုသင့်သည်။ နိုင်ငံ့ဘဏ္ဍာများကို ပညာရေး၊ ကျန်းမာရေး စသည့်နေရာများတွင် အပြည့်အဝ သုံးစွဲရမည့်အစား စွန့်ပစ်အမှိုက်များကြောင့် သုံးစွဲနေရသည်မှာ ဝမ်းနည်းဖွယ်ပင်ဖြစ်ပေသည်။ မိမိနိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ မိမိကိုယ်တိုင်ကျန်းမာရေး၊ မိမိသားသမီးများ၏အနာဂတ် လှပရေးအတွက် သုံးစွဲရမည့် ဘဏ္ဍာငွေများကို မိမိတို့တစ်ဦးချင်းစွန့်ပစ်ခဲ့သော အမှိုက်များကြောင့် ဖဲ့ခြွေသုံးစွဲရခြင်းဖြစ်သည်။ မိမိတိုင်းပြည်ရော၊ မိမိကိုယ်တိုင်ရော၊ မိမိသားသမီးများ၏ အနာဂတ်အတွက်ရော မကောင်းဟုထင်မြင်မိပါသည်။

နိုင်ငံတိုင်းကြုံတွေ့နေရသော စွန့်ပစ်အမှိုက်ပြဿနာကို ဖြေရှင်းရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ နိုင်ငံသားတစ်ဦးချင်းက ကိုယ်စီအသိစိတ်ဓာတ်များဖြင့် ပူးပေါင်းဆောင်ရွက်မှသာ ဖြေရှင်းနိုင်မည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ စွန့်ပစ်ပစ္စည်းများဖြစ်လာမည့် စားသောက်ကုန်ပစ္စည်းတွေ၊ စက်မှုထွက်ကုန်ပစ္စည်းတွေကတော့ ထွက်နေဆဲဖြစ်သည်။ စားသုံးသူများကလည်း စားရေး၊ ဝတ်ရေး၊ နေရေးအတွက် ဝယ်ယူသုံးစွဲနေသည်မှာလည်း သေချာလှသည်။ သို့သော် လျှော့ချ ဝယ်ယူသုံးစွဲသင့်သည်။ တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ကွန်ပျူတာ စသည်တို့ကို မလိုအပ်ဘဲ အသစ်ပေါ်တိုင်း လက်ရှိသုံးစွဲနေသည့်ပစ္စည်းများကို စွန့်ပစ်၍ အသစ်ထပ်မံ ဝယ်ယူခြင်းများအစား သက်တမ်းကုန်ဆုံးသည်အထိ သုံးစွဲသင့်သည်။ ရေရှည်အသုံးခံသည့်၊ အကြမ်းခံနိုင်သည့် ပစ္စည်းများကို ရွေးချယ်ဝယ်ယူသုံးစွဲခြင်းဖြင့် ငွေကုန်ကျမှု လျှော့ချနိုင်မည်။ စွန့်ပစ်အမှိုက်များလည်း လျော့ပါးသွားမည်ဖြစ်သည်။ သက်တမ်းကုန်၍ စွန့်ပစ်ရာတွင်လည်း ရေခဲသေတ္တာကို ဗီရိုအဖြစ်လည်းကောင်း၊ အဝတ်လျှော်စက်ကို အခြားထည့်စရာပစ္စည်း၊ စားပွဲအဖြစ်ပြောင်းလဲ၍လည်းကောင်း စသည်ဖြင့် အခြားစွန့်ပစ်အမှိုက်များ ဖြစ်မည့်အစား ပြန်လည်သုံးစွဲခြင်းဖြင့်အသုံးပြုသင့်သည်။ လုံးဝအသုံးမလိုသည့် ပစ္စည်းများကိုပင် ပြန်လည်အသုံးချမည့်သူများထံ ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိနိုင်ပေသည်။

စွန့်ပစ်အမှိုက်များကို စနစ်တကျ အသုံးပြုခြင်းဖြင့် အကျိုးများကြောင်းကို ပညာရှင်များက တီထွင်ကြံဆကာ နည်းလမ်းပေါင်းစုံကို ကမ္ဘာသို့ ချပြလျက်ရှိသည်။ အမှိုက်များကို ဖိသိပ်၍ မီးရှို့ကာ လောင်စာတောင့်များ၊ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်သည်။ ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိသော ပစ္စည်းများကို တိရစ္ဆာန်အစာများ၊ မြေသြဇာများအဖြစ် သုံးနိုင်သည်။ ကော်စေ့များ၊ သတ္တုများအဖြစ် ပြန်လည်သုံးစွဲနိုင်သည်။ ထိုနည်းပညာများသည် စီးပွားရေးအရ တွက်ခြေကိုက်မှု နည်းပါးသော်လည်း စွန့်ပစ်အမှိုက်များကိုမူ လျှော့ချပေးရာရောက်သည်။ အကျိုးရှိစွာ အသုံးပြုရာရောက်သဖြင့် ငွေကြေးအရ အနည်းငယ် ဆုံးရှုံးနိုင်သော်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအမြင်အရမူ ကောင်းမွန်သော သုတေသနရလဒ်များအဖြစ် ရှုမြင်မိသည်။

ထို့အပြင် တီဗွီချန်နယ်တွေ၊ ဗီဒီယိုဇာတ်လမ်းတွေ၊ သတင်းစာ၊ ဂျာနယ်စသည့်မီဒီယာ နည်းလမ်းပေါင်းစုံတွင် လက်ရှိဖော်ပြလျက်ရှိသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးမှုထက် ပိုမိုအားကောင်းပြီး ပြည်သူများရင်ထဲ စွဲမြဲစွာ ရောက်ရှိစေနိုင်သည့် စွန့်ပစ်အမှိုက်များ လျှော့ချရေး၊ စနစ်တကျ အကျိုးရှိစွာ သုံးစွဲရေးအတွက် ဆောင်ရွက်ပေးသင့်သည်။

သို့ဖြစ်ပါ၍ ထုတ်လုပ်စွန့်ပစ်သည်မှာ လွယ်ကူသော်လည်း ပြန်လည်ကောက်ယူ ရှင်းလင်းရာတွင်မူ အခက်အခဲများစွာ ကြုံတွေ့ရသော၊ ငွေကြေးများစွာ သုံးစွဲရသော စွန့်ပစ်အမှိုက်များကို အလွယ်တကူ ဝယ်ယူသုံးစွဲခြင်းကို လျှော့ချကြပါရန်၊ တတ်နိုင်သမျှ ပြန်လည်ပြုပြင်သုံးစွဲကြပါရန်၊ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိရေး ဆောင်ရွက်ကြပါရန်၊ စွန့်ပစ်အမှိုက်များဖြစ်လာမည့် ပစ္စည်းများကို အလွယ်တကူ ဝယ်ယူသုံးစွဲခြင်း၊ စွန့်ပစ်ခြင်း မပြုလုပ်သည့်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးများကို အမှိုက်ပြဿနာများကြောင့် သုံးစွဲရခြင်းမှ ကာကွယ်ပေးသည့်၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကိုထိန်းသိမ်းပေးသည့် နိုင်ငံ့သားကောင်းများအဖြစ် ခံယူကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။ ။

ကြေးမုံ