စံပြုဖွယ်ရာ အမျိုးသားခေါင်းဆောင်၏ အမွေတစ်ခု၊ ရိုးသားဖြောင့်မတ်တည်ကြည်မှု

mdn

သတင်းဆောင်းပါး - ဒေါက်တာမြတ်မိုး

 

ရိုးသားဖြောင့်မတ်တည်ကြည်မှုဟူသော ကိုယ်ကျင့်တရားတစ်ခုသည် ကလေးလူရွယ်ဘဝကတည်းက ပြုစုပျိုးထောင်ပေးနေအပ်သော ကျင့်ဝတ်တစ်ခုဖြစ်ပါသည်။ ဤမျက်မှောက်လူ့ဘောင်ဝယ် ကိုယ်ကျင့်သိက္ခာပျက်ယွင်းပြီး ကောင်းသောအမူအကျင့်များကို ထိန်းသိမ်းရန်ခက်ခဲနေသော စိတ်ပိုင်းဆိုင်ရာအခြေခံဖွံ့ ဖြိုးတိုးတက်မှုကို အသိပညာရင့်ကျက်စ လူငယ်လူရွယ်ဘဝကတည်းက တည်ဆောက်ထားနိုင်မှသာ ငြိမ်းချမ်းသောလူ့ဘောင်တစ်ရပ်နှင့် လှပသောအနာဂတ်တစ်ရပ်ကို ပုံဖော်ပေးနိုင်ပါမည်။

 

အာဇာနည်တစ်ဦး၏အရည်အချင်းများ

 

နိုင်ငံ၏အမျိုးသားရေးခေါင်းဆောင်လည်းဖြစ်၊ ငယ်ရွယ်ပြီး ကြီးကျယ်ထင်ရှားသော အာဇာနည် ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းတွင် ဋီကာချဲ့၍မကုန်ုနိုင်သော စိတ်ပိုင်း ဆိုင်ရာအရည်အချင်းများစွာရှိပါသည်။ ရိုးသားဖြောင့်မတ်တည်ကြည်မှုနှင့်အတူ ရည်ရွယ်ချက် ပေါ်တွင် ဆန္ဒပြင်းပြမှုဟူသော ခေါင်းဆောင်မှု၊ ခိုင်မာသောယုံကြည်ချက်နှင့် နိုင်ငံချစ်စိတ်ပြင်းပြမှု၊ ဆက်ဆံရေးကောင်းမွန်ပြီး ကြီးကြပ် လမ်းòန်မှုနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်မှု၊ ရောင့်ရဲတင်း တိမ်မှုနှင့် အဂတိကင်းမှု၊ စည်းရုံးရေးမှူးကောင်းတစ်ယောက်ဖြစ်မှုနှင့် သူရဲကောင်း စိတ်ဓာတ်များသည် အာဇာနည်ဖြစ်ထိုက်သော အခြင်းအရာများပင်ဖြစ်ပါသည်။ ထိုထိုသော အရည်အသွေးပေါင်းများစွာ အနက် ရိုးသားဖြောင့်မတ်တည်ကြည်မှုဟူသော လက်ရှိလောက၏ လိုအပ်ချက်ဖြစ်နေမှုတစ်ခု ပေါ်တွင် နမူနာယူဖွယ်ရာ အမွေတစ်ခုအဖြစ် ဆက်ခံသုံးနှုန်းနိုင်ဖွယ်ရာများကို လေ့လာထုတ်နုတ် မိပါသည်။ ဖြောင့်မတ်တည်ကြည်ရိုး သားမှုဟူသော ယဉ်ကျေးမှုတစ်ရပ်ကို ယနေ့လူငယ်အစ လူကြီး အဆုံး စိမ့်ဝင်ပြန့်ပွားရန်အတွက် ကြိုးပမ်းတည်ဆောက်နေရချိန်၊ အာဇာနည်စိတ်ဓာတ်ဖြင့် အနစ်နာ ခံကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအမြင်အယူအဆ၊ ခေါင်းဆောင်မှုနှင့် နိုင်ငံနှင့် ပြည်သူများအတွက် စွန့်လွှတ်အနစ်နာခံ နိုင်မှုဂုဏ်ပုဒ်များကို လေ့လာကြည့်မိသည်။ တကယ့် စစ်မှန်သည့် အာဇာနည်ပီပီ မြင့်မြတ်ပြီးဆင်ခြင်တုံတရားရှိသော သူရဲကောင်း စိတ်ဓာတ်ရှိသူ တစ်ဦးအဖြစ် အများကလက်ခံထားကြသည်မှာ အထူးဆိုဖွယ်ရာ မရှိပါ။ ဗိုလ်ချုပ်သည် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ကျောင်းသားခေါင်းဆောင်၊ တော်လှန်ရေးခေါင်းဆောင်၊ စစ်ရေး ခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင် တစ်ဦး၏ အာဇာနည်စိတ်ဓာတ်ကို ရိုးသားဖြောင့်မတ်မှုဟူသော ကိုယ်ကျင့်တရားက ရှေ့ဆောင်လိုက်သည့်အခါ မိမိအကျိုးထက် အများအကျိုးကို ရှေးရှုသူ၊ တန်ဖိုးရှိသူ၊ ကိုယ့်ကိုယ် ကိုယ်အမြဲနှိမ့်ချပြီး ဝေဖန်ပြုပြင်နေတတ်သူ၊ အားနည်းချက်ကို ဖော်ထုတ် တတ်ပြီး မာန်မတက်ဘဲ သူတော်ကောင်း စိတ်ဓာတ်ရှိသူ လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင် တစ်ဦးအဖြစ် ပြည်သူအားလုံးကို ဦးဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။

 

ရိုးသားမှုကို အခြေခံသည့် ညီညွတ်မှုစိတ်ဓာတ်

 

နေ့ကာလဝယ် ရိုးသားဖြောင့်မတ်မှုဆိုသည့် ကိုယ်ကျင့် သီလသည် ရှားပါးပစ္စည်းတစ်ခု ဖြစ်၍နေပါပြီ။ တရားမျှတမှုကို ရှာဖွေကြမည်၊ ယုံကြည်မှုတည်ဆောက်ကြမည်၊ ခင်မင်ရင်းနှီးစွာ ဖြင့် ညီညွတ်ရေးကို ဦးတည်ကြမည်ဆိုပြီး တဖွဖွပြောဟော နေကြသော်လည်း ကိုယ်ကိုယ်တိုင်က ရိုးသားမှုက ချို့တဲ့၊ သမာ သမတ်ကျမှုကလည်း ကင်းမဲ့သည့်အခါမှာ လိုအင်ဆန္ဒများ မပြည့်ခြင်း၊ ရည်မှန်းချက်ကို မရောက်နိုင်ခြင်းများ တွေ့လာရတော့သည်။ ရိုးသားမှုကိုအခြေမခံလျှင် အချင်းချင်းထားရှိသော ကတိသစ္စာများ ပျက်ပြယ်သွားတတ်သည်။ နားလည်မှု လွဲပြီးကွဲပြားမှုပါ ဖြစ်လာလျှင် တစ်ဦးနှင့်တစ်ဦး လေးစားမှု လည်း လျော့နည်းလာတော့သည်။ ရိုးသားဖြောင့်မတ်မှုနှင့်ယှဉ် သည့် ယုံကြည်မှုနှင့်သာ တရားမျှတမှုကို ရရှိနိုင်ပါမည်။ ဗိုလ်ချုပ် ပိုင်ဆိုင်သော ရိုးရိုးကျင့် မြင့်မြင့်ကြံ ဂုဏ်ပုဒ်များကြောင့် လူထု ၏ကြည်ညိုလေးစားမှုကိုရရှိပြီး တိုင်းရင်းသားသွေးချင်းများပမာ တစ်နိုင်ငံလုံးစည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့သည်။ ညီညွတ်ရေးကို တည်ဆောက်ရာတွင် တစ်ဦးအပေါ်တစ်ဦး သဘော ထားပြည့်ဝမှု၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့သံသယကင်းမှု၊ အာဃာတမရှိမှု၊ မာန်မာနမထားမှု၊ ခေါင်းဆောင်စိတ်ဖြင့် တာဝန်ယူ လိုမှုစသည့် ထူးခြားသောအရည်အချင်းများသည် ရိုးသား ဖြောင့်မတ် မှုဟူသော တရားမရှိ၍ မဖြစ်ပေါ်နိုင်ပါ။ ယင်းစိတ်ဓာတ်အရင်းခံက လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်ရာတွင် အားလုံးတစ်သံတည်းထွက်စေသော ညီညွတ်မှုအင်အားကို ဖြစ်စေခဲ့သည်ကို သာဓက ယူအပ်ပါသည်။

 

ကလေးဘဝအရွယ်ကအစ ဖြောင့်မတ်မှန်ကန်ရန် လိုအပ်

 

ခြေခံကျောင်းသားဘဝအရွယ်ကတည်းက မိမိက တပည့်ကလေးများအား ကိုယ်ကျင့်သိက္ခာသီလကို တည်ဆောက်ပေးလိုလျှင် ဗိုလ်ချုပ်၏ငယ်စဉ်ကလေးဘဝ ရိုးသားဖြောင့်မတ်မှုကိုလည်း နမူနာယူ စေရန် လမ်းòန်ပေးသင့်သည်။ စပါးဝယ်ဈေးထက် မရိုးမဖြောင့်ဈေးတင်ပြောမိသော မိခင် ဒေါ်စုအား ဈေးဝယ်သူများရှေ့တွင်ပင် သဘောမကျပြောဆိုတတ်သော လေးနှစ်သားအရွယ် ဗိုလ်ချုပ်၏ လိမ်ညာမှုကို ရှက်ရွံ့ စက်ဆုပ်တတ်သည့် စရိုက်က ယနေ့လူငယ်များအတွက် သာဓက ကောင်းဖြစ်စေသလို လိမ်လည်ပြောဆိုရမှာကိုလည်း ဝန်မလေးကြတော့သည့် ယနေ့ လူအများစု တို့အတွက် သင်ခန်းစာယူဖွယ်ရာ ဖြစ်ပါသည်။ ဗိုလ်ချုပ်သည် မိမိ၏ သားသမီးများအား ကိုယ်ကျင့် တရားကောင်းမွန်ရန်နှင့် မှန်ကန်ဖြောင့်မတ်စိတ်ရှိကြရန် အထူးလိုလားပုံလည်းရသည်။ မိမိနှင့် နှိုင်းလျက် နိုင်ငံ့သားကောင်းသမီး ကောင်းများဖြစ်လာစေရန် မျှော်မှန်းထားသည့်အတွက် ဇနီး ဒေါ်ခင်ကြည်က ကလေးများအား ပြောဆိုဆုံးမစေရာတွင် အရာအားလုံးထက် ကိုယ်ကျင့် တရားကောင်းရန်နှင့် ဖြောင့်မတ်မှန် ကန်မှုကို အထူးအလေးပေး ပြောဆိုဆုံးမလေ့ရှိသည်ကို တွေ့ရ သည်။ ထိုလက်တွေ့နမူနာက ယနေ့ကလေးသူငယ်ကျောင်းသားများနှင့် ထိတွေ့ဆက်ဆံရသော မိဘ၊ ဆရာနှင့်အဖွဲ့အစည်း ခေါင်းဆောင်များက မိမိအနာဂတ်မျိုးဆက်များအတွက် စဉ်ဆက်မပြတ် ယဉ်ကျေးသောဝန်းကျင်ကောင်းတစ်ခု ဖန်တီးရာတွင် အလွန်အရေးကြီးပုံကို ပြသရာရောက်ပါသည်။

 

မိမိမှားယွင်းချက်အား ပြန်လည်ဝေဖန်ဆန်းစစ် ဝန်ခံရဲသည့်စိတ်

 

စစ်ရေးခေါင်းဆောင်တစ်ဖြစ်လဲ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးကို ရမည်အထင်ဖြင့် အင်္ဂလိပ်ကို တော်လှန် ရန် ဂျပန်နှင့်ပူးပေါင်းတိုက်ပွဲဝင်ခဲ့ရသည်။ ဂျပန်ကို ယုံကြည်၍၊ အထင်ကြီး၍ ဂျပန်၏မျှော်မှန်းချက်ကို တိတိကျကျ ကြိုတင်မမြင် နိုင်ခဲ့ဘဲ လွဲမှားသော အတွေးအခေါ်ဖြင့် ပူးပေါင်းမိခဲ့ခြင်းကို မိမိကိုယ်မိမိ ပြန်လည်ဝေဖန်ဆန်းစစ်၍ မိမိမှားယွင်း ချို့ယွင်းချက် အတွက် ပွင့်လင်းတည်ကြည်စွာ ပြန်လည်ဝန်ခံတတ်မှုမျိုးသည် ခေါင်းဆောင်ကောင်းတစ်ယောက်၏ ရိုးသား တည် ကြည်မှုပင် ဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်အနေဖြင့် အမှားကို ဖွင့်ဟဝန်ခံခြင်းသည် ရှက်ရွံ့စရာတစ်ခုမဟုတ်သလို လိမ်ညာပြောခြင်းသည်သာ ဖြောင့်မတ်မှု၏ ဆန့်ကျင်ဘက်ဟု ခံယူတတ်ရန် အရေးကြီးကြောင်း ပြောဆိုခဲ့ပုံကို မှတ်သားမိပါသည်။ ဗြိတိသျှ နံပါတ် ၁၄ တပ်မကြီး၏ သေနာပတိ ဗိုလ်ချုပ်ဆာဝိလျံဆလင်း ကိုယ်တိုင်ပင် ဗိုလ်ချုပ်၏ပြတ်ပြတ်သားသား ပြန်လည်ဝေဖန် ရေးလုပ်ရဲမှုကို ချက်ချင်းအကဲခတ်မိပြီး ခေါင်းဆောင်ကောင်း တစ်ယောက်၏ ရဲတင်းပွင့်လင်းမှုတစ်ခု၊ ရိုးသားတည်ကြည်မှု တစ်ခု၊ စစ်မှန်သောမျိုးချစ်တစ်ယောက်အဖြစ် အသိအမှတ် ပြောကြားခဲ့သည် ကိုလည်း မှတ်သားခဲ့ရဖူးပါသည်။

 

ရိုးသားမှုနှင့် အဂတိကင်းမှု

 

လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ ဂျပန်ခေတ်အစိုးရတွင် ဗိုလ်ချုပ်၏တန်ခိုးဩဇာက ပိုမိုကြီးမားလှ သည်။ ပြည်သူလူထု တစ်ရပ်လုံးနှင့် တိုင်းရင်းသားအားလုံး၏ အမှန်တကယ် ကြည်ညို လေးစားမှုကိုပါ ရရှိလောက်အောင် တန်ခိုးအရှိန်အဝါက ကြီးမာလွန်းသော်လည်း တိုင်းပြည်နှင့်ပြည်သူအပေါ် သစ္စာမဖောက်ဘဲ မိမိရရှိထားသည့် ရာထူးဩဇာအာဏာကို အလွဲသုံးစားမပြု၊ အဂတိကင်းစွာဖြင့် သိုသိပ်စွာနေထိုင်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ဗိုလ်ချုပ်ကိုလောဘရမက်ကြီးသူတစ်ယောက် မဟုတ်သူ၊ ကိုယ့်စိတ်ကို နိုင်နိုင်နင်းနင်း ထိန်းသိမ်းချုပ်တည်းနိုင်သူတစ်ဦး အဖြစ် မှတ်ယူနိုင်သည်။ လေ့လာမှုများအရ ဂျပန်ခေတ်တွင် မိမိအရှိန်ဩဇာအာဏာသုံးကာ သုံး၍မကုန်နိုင်အောင်စုဆောင်း နိုင်သူ၊ ချမ်းသာကြွယ်ဝသွားကြသူများ ထင်ထင်ရှားရှားရှိခဲ့သော် လည်း ဗိုလ်ချုပ်၏ချို့တဲ့လွန်းသော ဝတ်စားဆင်ယင်နေထိုင်မှု ပုံစံက သူ့ထံတွင် လွတ်လပ်ရေးအတွက် ဆန္ဒရမ္မက်ကလွဲ၍ စိုး စဉ်းမျှ လောဘမရှိကြောင်း၊ အစစ်ဆေးခံရဲသည့် အနေအထား တွင်ရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ဗိုလ်ချုပ်၏ ရိုးသားဖြောင့်မတ်မှုနှင့် အဂတိကင်းရှင်းပုံသည် ယနေ့ခေတ် လူငယ်လူရွယ်များ အတွက် စံပြအတုယူဖွယ်ရာ ဖြစ်သင့်ပါသည်။ ကိုယ်ကျင့်သိက္ခာ ခေါင်းပါးမှုနှင့်အတူ ဖြောင့်မတ်တည်ကြည်မှု လည်း များစွာလျော့ ပါးလာသည့် အခြေအနေတွင် ကိုယ်ကျင့်တရားပြည့်ဝသော နိုင်ငံသားများ ဖြစ်စေရန်နှင့် အနာဂတ်နိုင်ငံပုံရိပ်ကောင်းကို ပုံဖော်တည်ဆောက်ရန်အတွက် မျိုးဆက်သစ်လူငယ် များအား တာဝန်သိစိတ်ဖြင့် ပါဝင်လာစေရန် နိုင်ငံတော်က အလေးအနက်ထား လေ့ကျင့်ပျိုးထောင် ပေးနေမှုများလည်း တွေ့ မြင်နေရပြီဖြစ်ပါသည်။

 

သံမှိုနှက်သကဲ့သို့ စွဲမြနေရမည့် ရိုးဖြောင့်တည်ကြည်မှု

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် လူငယ်များပါဝင်လာ ပြီဆိုလျှင် များစွာဂုဏ်ယူဝမ်းသာရပါမည်။ ဖြောင့်မတ်တည်ကြည် မှုမရှိခြင်းသည် အဂတိတရားကို ဖြစ်ပေါ်စေသလို လူမှုဘဝ ဆင်းရဲမွဲတေမှု ကိုလည်း ဖြစ်ပေါ်စေသည်။ ရိုးသားဖြောင့်မတ် ခြင်းသည် မိမိတွေးတော ကြံစည်သမျှ၊ ပြောဆိုမှုအစုစု၊ လုပ်ကိုင် မှုအဝဝကို မိမိကိုယ်မိမိသစ္စာစောင့်သိစွာဖြင့် တစ်ဖြောင့်တည်း ကြံစည်ပြောဆိုလုပ်ကိုင်ခြင်း ပင်ဖြစ်သည်။ ရိုးဂုဏ်နှင့် တည် ကြည်မှု အားနည်းသည်နှင့်အမျှ လူ့အဖွဲ့အစည်းတစ်ခုအတွင်း ဖွံ့ဖြိုး တိုးတက်မှုလည်း နှေးကွေး၊ အများပြည်သူ စိတ်ချမ်းသာမှု နှင့်လည်း ဝေးကွာသွားနိုင်ပါသည်။ အခြေခံပညာအဆင့်တွင် ပြည်သူ့နီတိအခြေခံသဘောတရားများ ခိုင်ခိုင်မာမာပန္နက်တည် စိုက်ထူ ပေးနိုင်မှ ယနေ့လူ့အဖွဲ့အစည်းအတွင်း လည်နေသော အဆိုးသံသရာကို ရပ်တန့်နိုင်မည်ဟု ယုံကြည် ပါသည်။ မက်မော ဖွယ်ရာအာရုံများဖြင့် ထိပ်တိုက်တွေ့ ကြုံရတိုင်း မိမိတွင်အစဉ်တည်သော ရိုးဖြောင့်မှုဖြင့် ဖယ်ခွာရှောင်ရှားနိုင်အောင် ကလေးသူငယ်ဘဝကအစကတည်းက အလေ့အကျင့် များစွာ ပြုပေးရပါမည်။ မိမိအစွမ်းအစမပါဘဲ မိမိနှင့်ထိုက်တန်သောအရာဟူသည် ဘာမျှ မရှိဆို သည်ကို သံမှိုနှက်သကဲ့သို့ စွဲမြနေအောင် အလေ့အထများစွာပြုပေးထားရပါမည်။ ယင်းအရည် အချင်းများ အားလုံးမိမိတို့ စံပြုထားရာ အာဇာနည်ခေါင်းဆောင်ကြီးထံမှ နမူနာယူအပ်သည်ကို အစဉ် တိုက်တွန်းနေအပ်ပါသည်။

 

လေးစားဖွယ်ရာ အခြားပုဂ္ဂိုလ်များကိုလည်း နမူနာယူအပ်

 

ဗိုလ်ချုပ်ကဲ့သို့သော ရိုးဖြောင့်မှုများ လူအများစုတွင် ပွားများနိုင်လျှင်ဆိုသော အတွေးမျိုး ရံဖန်ရံခါ တွေးမိတတ်ကြပေလိမ့်မည်။ ကိုယ်ကျင့်သီလကို မိဘ၊ ဆရာသမားများအပါအဝင် လူ့အဖွဲ့အစည်းက နေရာပေးနေသမျှ ဦးစားပေးနေသမျှ အကျင့် ဖောက်ပြန်မှုများဝင်လာရန် ခဲယဉ်းနေပါလိမ့်မည်။ ယခုတော့ အဂတိကင်း၍ ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှုတစ်ရပ် ရရှိရေးအတွက် ပြင်းပြင်း ထန်ထန် ဘက်ပေါင်းစုံက ကြိုးစားဆောင်ရွက်နေရသည်။ ပို၍ သေချာသည်ကတော့ အနာဂတ် လူ့အဖွဲ့အစည်းတွင်နေရာယူလာမည့် မျိုးဆက်သစ်များထံတွင် ဖြစ်ပါသည်။ မျက်မှောက်လူငယ်များ အတွက် ယဉ်ကျေးမှု ကောင်းစွမ်းရည်မြှင့် အမွေပေးရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်နေ သဘောထား၊ ပရဟိတအမြင်၊ ရင့်ကျက်တည်ငြိမ်မှု၊ တရားမျှတမှုများကို အလေးပေးဖော်ပြသကဲ့သို့ ဗိုလ်ချုပ်ကဲ့သို့ပင် ရိုးသားဖြောင့်မတ်ပြီး ကိုယ်ကျင့်သိက္ခာပြည့်ဝသော အခြားနိုင်ငံရေးခေါင်းဆောင် များ၊ စစ်ရေးခေါင်းဆောင်များ၊ ပရဟိတ ပုဂ္ဂိုလ်များ၏ စံနမူနာပြအရည်အချင်းများလည်း ပါဝင်သင့်ပါ သည်။ ကျွန်တော်တို့နိုင်ငံတွင် များစွာရှိသည့် ဤပုဂ္ဂိုလ်မြတ် များ၏ အရည်အချင်းများကို အသိ အမှတ်ပြုနာယူစေခြင်းဖြင့် မကောင်းသော အမူအကျင့်များတိုက်ဖျက်ရေးတွင် လူထုတစ် ရပ်လုံးပါဝင်လာစေရန် ပိုမိုလှုံ့ဆော်ပေးနိုင်ပါသည်။

 

ရိုးဖြောင့်မှုနှင့် အပြန်အလှန်ယုံကြည်မှု

 

မိမိထံတွင် ရိုးသားမှုရှိမှ ဖြောင့်မတ်သစ္စာရှိပါမှသာ မိမိက အမှန်တရားဘက်က ရပ်တည်ပေးနိုင်သလို အမှန်တရားဘက် တော်သားများကလည်း မိမိဘက်တွင်ရှိနေပါလိမ့်မည်။ ကိုယ်ကျင့်သီလမြဲမြံ တည်တံ့သူတစ်ဦးသည် ဘယ်အရာကအမှန်၊ ဘယ်အရာကအမှားဆိုသည်ကို ရှင်းလင်းစွာသိရှိနိုင် သည်။ စိတ်ရှင်း၍အမြင်ရှင်း၊ အတွေးလည်းမှန်၍ အရာရာကို အပြုသဘောမြင်ပေးနိုင်စွမ်း ရှိနေသောကြောင့်ဖြစ်သည်။ ဆင်ခြင်တုံ တရားအခြေခံသောအလုပ် မှန်ကန်မှုက အများ၏ တန်ဖိုးထားမှုနှင့် ယုံကြည်မှုကိုရရှိပြီး အပြန်အလှန်ယုံကြည်မှုကို အရင်းတည်ကာ ညီညွတ်မှုနှင့် ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်ပါသည်။ ရိုးသားဖြောင့်မတ်မှုရှိသူတစ်ဦးသည် မိမိမှန်သည်ထင်သည့် အရာကို ရဲဝံ့ပြတ်သားစွာဆုံးဖြတ်တတ်ပြီး အကျိုးဆက်အပေါ်တွင်လည်း အများအပေါ်အပြစ် မတင်ဘဲ တာဝန်ယူတတ်သည်။ သို့ဖြင့် မိမိကိုယ်မိမိ အောင်နိုင်သူတစ်ဦး ဖြစ်လာသလို ပတ်ဝန်း ကျင်အပေါ်တွင်လည်း လွှမ်းမိုးမှုရှိလာသည်။ ဤကဲ့သို့ အစွမ်းအစများကို ဗိုလ်ချုပ်အပါအဝင် ရိုးသား ဖြောင့်မတ်တည်ကြည်မှု ဂုဏ်ဆောင်သည့် သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများ၏ ဂုဏ်ယူဖွယ်နမူ နာများကိုပေး၍ လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင် ရန်လိုအပ်နေပါသည်။

 

အရာအားလုံး၏အောင်မြင်ရာသည် ရိုးသားမှုကိုအခြေခံသည့် ကောင်းမွန်သော ကိုယ်ကျင့် တရားပင်ဖြစ်သည်ဆိုသော အချက်ကို ဗိုလ်ချုပ်က အမွေပေးခဲ့ပါသည်။ ဤကောင်းမြတ်သော အမွေကို ဆက်ခံပြီး ကိုယ်ကျင့်သီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင်ထိန်းသိမ်း၍ အကျိုးစီးပွား ဟန်ချက်မညီသော လူ့အသိုင်းအဝိုင်းအတွက် စိတ်ဓာတ်ရေးရာ အားကောင်းသော လူအများဖြင့် ပူးပေါင်းပါဝင်ထိန်းကျောင်းရန် လိုအပ်နေပါသည်။ ဤလိုအပ်ချက်ကို ဖြည့်ဆည်းရန်သည် နိုင်ငံတွင်တန်ဖိုး ရှိသော နိုင်ငံ့သားကောင်းရတနာ၊ ကျောက်ကောင်းမျိုးစေ့များ များစွာမွေးထုတ်နိုင် ရေးပင်ဖြစ်ပါသည်။ ရိုးသားဖြောင့်မတ်မှုဟူ သောဂုဏ်သည် သူတော်ကောင်းတို့၏ တကယ့်ခွန်အားရှိ သော တရားတစ်ခုလည်းဖြစ်သည့်အတွက် ခိုင်ခိုင်မာမာ ခံယူဆောက်တည်ခြင်းဖြင့် နိုင်ငံနှင့်ပြည်သူ အပေါ် သစ္စာရှိသူများ၊ မှန်ကန် သောအသိအမြင်ဖြင့် တာဝန်ဝတ္တရားလေးစားသူများ၊ တာဝန်ယူ တာဝန်ခံစိတ်အပြည့်ဖြင့် အလုပ်ကို ထိထိရောက်ရောက် အောင်မြင်စေသူများ၊ အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက် တတ်သူများဖြစ်ကြစေရန်ရည်သန်၍ ရေးသားတင်ပြလိုက် ရပါသည်။ 

 

“မိမိက ရိုးဖြောင့်မှန်ကန်စွာ ဆက်ဆံပေးခြင်းဖြင့် တစ်ပါးသူထံမှ အလားတူဆက်ဆံမှုမျိုးကို ပြန်လည်ရရှိနိုင်ပါစေ”။