စဉ့်ကိုင်၊ တောင်ကြီး၊ ပင်လောင်းနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၈

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် စဉ့်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာအနီး၊ ရန်ကုန်-မန္တလေးသွား ကား လမ်းဟောင်းတွင် အောင်အေးလှိုင်(ခ)ဂျော့ မောင်းနှင်ပြီး ကျော်ကျော်(ခ)ကုလားလေး လိုက်ပါလာ သည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သသည်။

ထို့ပြင် နိုဝင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီခွဲတွင် တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်တွင် စိုင်းသုတဆက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊  ထို့အတူ နိုဝင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ မှော်ဘီ -ကျောက်တလုံးကြီးသွား ကားလမ်းတွင် အမျိုးသားတစ်ဦး(စိစစ်ဆဲ)မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးပြီး ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၅,၉၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်နေ မနန်းစမ်ဖောင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ငွေကျပ် ၁,၆၁၀ ဒသမ ၀၆ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ၊ အက်တက်ဆီ ဆေးပြား ၃,၉၂၀ ၊ အဆင့်နိမ့်ဘိန်း သုည ဒသမ ၀၁၅ ကီလို၊ ကျည်မျိုးစုံ ၈၉ တောင့်၊ ကျည် အိမ်တစ်ခုတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)