စဉ့်ကိုင်မြို့နယ် ကန်တွင်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

စဉ့်ကိုင်   ဒီဇင်ဘာ   ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်များဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့လွယ်ကူလျင်မြန်စွာပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်သည့် ကန်တွင်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောနှင့် ဒေါ်ဝင့်ဝါဖြူ(ဒုတိယညွှန်ကြားရေးမှူး-နည်းပညာ)၊ ကျောက်ဆည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်နှင့်ဝန်ထမ်းများက သက်ဆိုင်ရာကျေးရွာ ကော်မတီဝင်များ၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ ကန်တွင်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။   

 

အဆိုပါကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း ၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် မြေသား ၄ ပေနှင့် ၉ လက်မထု ဂျင်းခင်းခြင်း၊ Box Culvert အရှည် ၂၄ ပေ၊ အကျယ် ၃ ပေ၊ အမြင့် ၃ ပေ တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၇၅ ဒသမ ၄၀၇ သန်း ဖြင့် တင်ဒါအောင်မြင်သည့် ပုဂံနန်းတော်ကုမ္ပဏီက အောက်တိုဘာလဒုတိယပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း အားလုံး၏ ၅၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ ကန်တွင်းကျေးရွာကုန်ထုတ်လမ်းသည် အဆိုကျေးရွာရှိ လယ်ယာ ထုတ်ကုန်ဧက(၅၀၀)ကျော် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်