စဉ့်ကူး၊ မော်လမြိုင်နှင့်ဟိုပန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၉ 

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၇ ရက် ညနေ ၅ နာရီတွင် စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ လက်ပန်လှကျေးရွာရှိ မခင်ခင်စန်း ၏တဲသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅,၇၅၀ ကိုလည်းကောင်း၊ ယနေ့ ည ၇ နာရီတွင် မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်၊ မယ်ဇလီလမ်းရှိ ဇာနည်အောင် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ ည ၇ နာရီ ၄၅ မိနစ်တွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ (၇)လမ်းရှိ မင်းမြင့်နိုင် ၏ကားဂိုဒေါင်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀,၀၀၀ ကိုလည်းကောင်း၊ထို့နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင်ဟိုပန်မြို့နယ်၊ မန်ပြိန်းကျေးရွာအုပ်စု၊ ခမ်းတိန်ကျေးရွာ အနီး၊ ဟိုပန်-ပန်လုံသွား ကားလမ်း တွင် ဆိုင်မိန်း မောင်းနှင်ပြီး မမာထ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၄၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေး ၂,၇၆၅ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား