စဉ့်ကူး   ဖေဖော်ဝါရီ   ၁၇

 

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့၌ မွေးစမှ အသက် နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးခြင်းကို စဉ့်ကူးမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက်ရှိသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးခြင်း နှင့် ဆေးတိုက်ခြင်းလုပ်ငန်းများကို စဉ့်ကူးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ ဗိုလ်မှူး ရှင်းသန့်လွင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်သိန်းဦးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား  ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမှေး ရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းနှင့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါ (ရိုတာကာကွယ်ဆေး)တို့ကို ထိုးနှံပေးပြီး ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းတို့ ဆောင်ရွက်ပေးကြသည်။

 

ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့်  ကလေးမိခင်များကိုလည်း ကျန်းမာရေး စစ်ဆေးပေးခြင်း၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကလေးအာဟာရ ဖွံ့ဖြိုးရေးအတွက် အာဟာရတိုက်ကျွေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

တင်ဇာလွင်(ပြန်/ဆက်)