စဉ့်ကူးမြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ကြိုတင်လေ့ကျင့်ခြင်း သရုပ်ပြပွဲ ကျင်းပ

စဉ့်ကူး ဖေဖော်ဝါရီ ၂၂ 

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ကြိုတင်လေ့ကျင့်ခြင်း သရုပ်ပြပွဲအခမ်းအနားကို စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက ကျင်းပသည်။

 

ရှေးဦးစွာ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး စဉ့်ကူးမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးချမ်းပြည့်ကျော်က ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်နှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ဆောင်ရန်/ရှောင်ရန်အချက်များနှင့် ငလျင်ဘေးနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများအား အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ လက်ပန်လှကျေးရွာ ကျန်းမာရေးမှူး ဦးဇော်မိုးလွင် က ကျန်းမာရေးဆိုင်ရာများအား အသိပညာပေး ဟောပြောခဲ့သည်။

 

ထို့နောက် ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်လေ့ကျင့်ခြင်းသရုပ်ပြပွဲကို လက်တွေ့ပြုလုပ်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါအခမ်းအနားသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်၊ စဉ့်ကူးမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးချမ်းပြည့်ကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်သိန်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အ.ထ.က (လက်ပန်လှ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

တင်ဇာလွင် (ပြန်/ဆက်)