စဉ့်ကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စဉ့်ကူး မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က စဉ့်ကူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ သပိတ်ကျင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့် က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်၍ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ပါက ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ စုဆောင်းထားရမည့် ပစ္စည်းများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ လျော့ပါးစေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် အချက်များအား အသေးစိတ် ရှင်းလင်း မှာကြားခဲ့သည်။ ထို့နောက် စဉ့်ကူးမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ သပိတ်ကျင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်တင့်၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့များ၊ နယ်မြေအလိုက်စုဖွဲ့ ထားရှိသည့်အဖွဲ့များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)