Coachella မှာ ပါဝင်ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး ကေပေါ့ပ်အမျိုးသမီးအဖွဲ့ Black Pink

၇  ဇန်နဝါရီ

 

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ကမ္ဘာကျော်တေးဂီတဖျော်ဖြေပွဲတစ်ခုဖြစ်တဲ့ “Coachella” ရဲ့ ယခုနှစ်ပွဲမှာ ပါဝင်ဖျော်ဖြေကြမယ့် တေးသံရှင်တွေကို လတ်တလောမှာ ထုတ်ပြန်ပြောကြားခဲ့တာဖြစ်ပြီး ဒီထဲမှာတော့ ကေပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “Black Pink” ပါဝင်နေတာဖြစ်ပါတယ်။ ဒါဟာ ကေပေါ့ပ်အမျိုးသမီးတေးဂီတအဖွဲ့တွေအနက် “Coachella” မှာ ပထမဆုံး ပါဝင်ဖျော်ဖြေခွင့်ရခဲ့ခြင်းဖြစ်တယ်လို့လည်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ယခုနှစ်ရဲ့ဖျော်ဖြေပွဲမှာ ကိုရီးယား-အိန္ဒိယ အမျိုးသားတေးဂီတအဖွဲ့ “Hyukoh”လည်း ပါဝင်ဖျော်ဖြေပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်ဖျော်ဖြေပွဲကိုတော့ သီတင်းပတ်ကုန် နှစ်ပတ်မှာ နှစ်ပိုင်းခွဲကာ ပြုလုပ်သွားဖို့ရာ စီစဉ်ထားတာဖြစ်ပါတယ်။ လာမယ့် ဧပြီ ၁၂ ရက်မှ ၁၄ ရက် အထိ တစ်ကြိမ်နဲ့ ဧပြီ ၁၉ ရက်မှ ၂၁ ရက်အထိတစ်ကြိမ် နှစ်ပိုင်းခွဲကာ ပြုလုပ်သွားမှာပါ။ “Black Pink”ကတော့ ဧပြီ ၁၂ ရက်နဲ့ ၁၉ ရက်တွေမှာ ဖျော်ဖြေပေးသွားမှာဖြစ်ပြီး “Hyukoh” ကတော့ ဧပြီ ၁၄ ရက်နဲ့ ၂၁ ရက်တွေမှာ ပါဝင်တင်ဆက် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

“Coachella”မှာ ပထမဆုံးအကြိမ် ပါဝင်ဖျော်ဖြေခွင့်ရခဲ့တဲ့ ကေပေါ့ပ်တေးဂီတအဖွဲ့ကတော “Epik High” ဖြစ်ပြီး အဆိုပါ တေးဂီတအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာ ပါဝင်တင်ဆက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ အင်ပါယာပိုလိုကလပ်မှာ နှစ်စဉ်ကျင်းပတဲ့ ဒီဖျော်ဖြေပွဲရဲ့ ယခုနှစ်ပွဲမှာ ပါဝင်သွားကြမယ့် အမေရိကန် တေးသံရှင်တွေထဲမှာ နာမည်ကျော် တေးသံရှင်တွေဖြစ်ကြတဲ့ အရီရန်နာဂရန်းဒ်၊ ချိုင်းဒစ်ဂမ်ဘီနိုတို့လည်း ပါဝင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် ဒီဂျေပညာရှင်များစွာလည်း ပါဝင်ဆင်နွှဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

အေးပြည့်