COVID 19 ကပ်ရောဂါ တိုက်ဖျက်ဖို့ တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်ကြပါစို့

 

၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်ပြီးနောက် ကမ္ဘာ့စီးပွားရေးအပေါ် အဆိုးရွားဆုံးထိခိုက်စေသည့် သမိုင်းဝင်ကပ်ရောဂါကြီး၏ ခြိမ်းခြောက်မှု ဒဏ်ကို ယနေ့ခေတ်လူသားတို့ ခံစားရလျက်ရှိပါသည်။ အဆိုပါကပ်ရောဂါသည် လွန်ခဲ့သော လအနည်းငယ်အတွင်း၌ပင် ကျန်းမာရေးဆိုင်ရာ ကပ်ရောဂါအသွင် မှသည် လူမှုရေးနှင့် စီးပွားရေးအကျပ်အတည်းအသွင်သို့ ကူးပြောင်းခဲ့ပြီး ဖြစ်ပါသည်။ ဈေးကွက်မတည်ငြိမ်မှုနှင့်အတူ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခဲ့သည့်အတွက် သန်းပေါင်းများစွာသော ကမ္ဘာ့ပြည်သူတို့၏ စားဝတ် နေထိုင်ရေးတို့အပေါ် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေပြီး ကမ္ဘာ့စီးပွားရေးကိုလည်း ဆိုးရွားစွာထိခိုက်ခြင်းကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
COVID-19 ကပ်ရောဂါ ထိရောက်စွာ ထိန်းချုပ်နိုင်မည့် နည်းလမ်းများ
COVID-19 ကပ်ရောဂါသည် နိုင်ငံ့ခေါင်းဆောင်များ၏ ခေါင်းဆောင်နိုင်မှု စွမ်းရည်ကို စမ်းသပ်နေသကဲ့သို့ ဖြစ်စေပါသည်။ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် နိုင်ငံအသီးသီးတွင် နည်းလမ်း အမျိုးမျိုးအသုံးပြု၍ ဆောင်ရွက်လျက်ရှိပါသည်။ အချို့နိုင်ငံများတွင် တစ်နိုင်ငံလုံး ဝင်ထွက်သွားလာခွင့်ကို ကန့်သတ်သည့်စနစ်အသုံးပြု၍ ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြသလို အချို့နိုင်ငံများတွင် နယ်မြေဒေသများ သတ်မှတ်၍ သွားလာခွင့်ကို ကန့်သတ်ခြင်းနှင့် လူစုလူဝေး ခြင်း မပြုလုပ်စေရန်တို့ဖြင့် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။
လူအမြောက်အမြားကို ရောဂါစမ်းသပ်စစ်ဆေးပြီး ကူးစက်ခံရနိုင်သူများ ကို ရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်းသည် COVID-19 ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ထိရောက်သည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် တောင်ကိုရီးယားနိုင်ငံတွင် “4T”နည်းလမ်းဖြစ်သည့် “စမ်းသပ်၊ ရှာဖွေ၊ ဖော်ထုတ်၊ ကုသ”သည့် နည်းစနစ် အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်းကြောင့် COVID-19 ရောဂါပြန့်ပွားမှုကို လျင်မြန် ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ဆောင်ရွက်မှုနည်းလမ်း “ပြည်သူသာလျှင် အဓိက”
မြန်မာနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါ တွန်းလှန်နိုင်ရန်အတွက် မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် နည်းလမ်းများကို အသုံးပြု၍ ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် “ပြည်သူသာလျှင် အဓိက”ဆိုသည့် ပြည်သူအခြေပြု သည့် စနစ်ဖြင့် တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ COVID-19 ကပ်ရောဂါကို တွန်းလှန်နိုင်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟို ကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။
COVID-19 ကပ်ရောဂါကို ပြည်သူလူထု၏ စုပေါင်းအင်အားဖြင့် စဉ်ဆက် မပြတ် ဆက်လက်တွန်းလှန်သွားမည်ဖြစ်ပြီး အစိုးရအနေဖြင့် ပြည်သူလူထု၏ စားဝတ်နေရေး အခက်အခဲများကို ကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်ထားပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားလျက်ရှိသည့် COVID-19 ကပ်ရောဂါကို ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေး မျက်နှာစာများတွင် ကျန်းမာရေးဝန်ထမ်းများ သည် နိုင်ငံ၏ သူရဲကောင်းများအဖြစ် ရှေ့တန်းက တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရောဂါကူးစက်ခံရသူများအား ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်နှင့် ရောဂါကူးစက် ပြန့်ပွားမှုလျော့နည်းစေရေးအတွက် လိုအပ်သည့်အရင်းအမြစ်များနှင့် ကျွမ်းကျင်မှုများ ဖြည့်ဆည်းပေးနိုင်ရေးကို အစိုးရက ဦးစားပေးဆောင်ရွက် လျက်ရှိပါသည်။
COVID-19 ရောဂါ စမ်းသပ်ရေးကိရိယာများ၊ အသက်ရှူစက်များ ပိုမို ထောက်ပံ့ပေးနိုင်ရေး၊ ဆေးရုံးနှင့် ဆေးခန်းများ တည်ဆောက်ပေးနိုင်ရေး ဆောက်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါစမ်းသပ်ရေး ကိရိယာ Cobas 6800 analyser ကို ယခုရက်သတ္တပတ်အတွင်း အသုံးပြုနိုင် တော့မည်ဖြစ်သဖြင့် ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းတွင် တစ်ရက်လျှင် လူဦးရေ ၁၀၀၀ ကျော် စမ်းသပ်နိုင်တော့မည်ဖြစ်သည်။ မန္တလေး တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် COVID-19 ရောဂါ စမ်းသပ်ရေးကိရိယာများ ပံ့ပိုးပေးနိုင်ရန်လည်း စီစဉ်လျက်ရှိပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ဆေးရုံအသစ်များနှင့် ဆေးခန်းအသစ်များကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုပုံစံအသစ်ဖြင့် တည်ဆောက်ထားပြီးဖြစ်ပါသည်။
ဆေးပစ္စည်းများ ထုတ်လုပ်နိုင်ရန် ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ထားပြီးဖြစ်
COVID-19 ရောဂါကုသရေးအတွက် လိုအပ်သည့်ဆေးဝါးနှင့် ဆေးပစ္စည်း များကို နိုင်ငံတကာဈေးကွက်မှ ဝယ်ယူလျက်ရှိသကဲ့သို့ တစ်ကိုယ်ရေကာကွယ်ရေး ဝတ်စုံနှင့် နှာခေါင်းစည်းများကိုလည်း ပြည်တွင်းထုတ်လုပ်သူများထံမှ ဝယ်ယူ နိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်သည်။ လတ်တလောလည်ပတ်ခြင်းမရှိသည့် နိုင်ငံပိုင်စက်ရုံများတွင် COVID-19 အတွက် လိုအပ်သည့်ဆေးပစ္စည်းများ ထုတ်လုပ်နိုင်ရန် ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ထားပြီးဖြစ်ပါသည်။
အစိုးရအနေဖြင့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိ
COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများ များစွာဖြစ်ပေါ်စေခဲ့ပါ သည်။ အစိုးရအနေဖြင့် အဆိုပါလုပ်ငန်းများအပေါ် ထိခိုက်မှုများသက်သာစေ ရေးအတွက် မြန်မာကျပ်ငွေ ၁၀၀ ဘီလီယံဖြင့် COVID-19 ပြန်လည်ထူထောင်ရေး ရန်ပုံငွေထူထောင်ခြင်းဖြင့် အတိုးနှုန်းသက်သာသည့် ချေးငွေများထုတ်ပေးနိုင် ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။
ပြည်သူလူထု၏ပူးပေါင်းဆောင်ရွက်မှု၊ တစ်ဦး၏ အခက်အခဲများကို တစ်ဦးက အေးအတူ ပူအမျှ ကူညီရိုင်းပင်းမှု၊ စာနာနားလည်မှု၊ စုပေါင်းအင်အား တို့ဖြင့် အတူတကွ ရင်ဆိုင်ကျော်ဖြတ်ပါက COVID-19 ကပ်ရောဂါဘေးကို မြန်မာနိုင်ငံအနေဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် လူတစ်ဦး တစ်ယောက်ချင်းစီနှင့် အိမ်ထောင်စုများတွင် ကြုံတွေ့နေရသော အခက်အခဲများ လျော့နည်းစေရေးအတွက် စားနပ်ရိက္ခာများ ပံ့ပိုးပေးခြင်းနှင့် ယခုလတွင် လျှပ်စစ်ဓာတ်အား ၁၅၀ ယူနစ်ကို အိမ်ထောင်စုတိုင်း ကင်းလွတ်ခွင့်ရရှိရေး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ မိမိတို့ပြည်သူများသည် လှူဒါန်းပေးကမ်းမှု ရက်ရောသည့် နိုင်ငံသားများဖြစ်သည့်အားလျော်စွာ အများစုက အဆိုပါကင်းလွတ်ခွင့်ကို ရယူခံစားခြင်းမရှိဘဲ COVID-19 ကပ်ရောဂါ ကို တွန်းလှန်နိုင်ရေး လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်နိုင်ရန် အစိုးရထံသို့ ပြန်လည်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။
အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူတစ်ရပ်လုံး လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိ
COVID-19 ကပ်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူတစ်ရပ်လုံး လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဥပမာ အားဖြင့် အခြားသူများနှင့် အနီးကပ်နေထိုင်ခြင်းမပြုသည့် (Social Distancing) စနစ်ကျင့်သုံးဆောင်ရွက်ပြီး COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင် ရန် ပြည်သူများ ပူးပေါင်းဆောင်ရွက်ခြင်းမျိုးကို ကလောမြို့ဈေးနှင့် အခြား မြေပြန့်ဈေးများတွင်ပါ ဆောင်ရွက်ထားသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါ သည်။
ရောဂါရှိသူများနှင့် ထိတွေ့ဆက်ဆံဖူးသူများအား ရှာဖွေဖော်ထုတ်ခြင်း ဆိုင်ရာ နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်ရေးအတွက် လည်း နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ contact tracing apps များ အသုံးပြု၍ အများပြည်သူသို့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ များကို လူမှုသတင်းမီဒီယာများမှတစ်ဆင့် ဖြန့်ဝေနိုင်ရေးတို့အတွက် လူငယ် တီထွင်သူများကလည်း ကြိုးပမ်းဆောင်ရွက်ပြီးဖြစ်ပါသည်။
နည်းပညာအထောက်အပံ့ဖြင့် အသိပညာမျှဝေနိုင်ရေး ဆောင်ရွက်လျက်ရှိ
နည်းပညာတိုးတက်မှုအခြေခံ၍ စမတ်ဖုန်း အပလီကေးရှင်းများမှ တစ်ဆင့် ရောဂါကူးစက်မှုနှုန်းကို ပြည်သူများအနေဖြင့် မိမိနေအိမ်နှင့် အလုပ်နေရာများ၌ အခမဲ့ အလွယ်တကူသိရှိနိုင်ပြီး ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးချက်များမှတစ်ဆင့် အခြားသူများနှင့် အနီးကပ်နေထိုင်ခြင်းမပြုရန် အလွန်အရေးကြီးကြောင်း အသိပညာပေး မျှဝေလျက်ရှိပါသည်။ အစိုးရအနေဖြင့် မည်သည့်နေရာတွင် အရေအတွက် မည်မျှကူးစက်ခံရကြောင်း မှန်ကန်မြန်ဆန်သည့် သတင်း အချက်အလက်များ ပံ့ပိုးပေးရန်နှင့် အသိပညာပေးရန်တို့ကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်လည်း အလွန်အရေးကြီးပါသည်။
COVID-19 ဘက်စုံတုံ့ပြန်ရေးစီမံချက်ကို အကောင်အထည်ဖော်
ဆောင်ရွက်နိုင်တော့မည်
မိမိတို့နိုင်ငံအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားလျက်ရှိရာတွင် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် လူမှုစီးပွား၊ ထိခိုက်မှုများ တတ်နိုင်သမျှ အနည်းဆုံးဖြစ်စေရန်၊ လုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက် နိုင်ရန် COVID-19 ဘက်စုံ တုံ့ပြန်ရေးစီမံချက်ကို မကြာမီအကောင်အထည်ဖော် ဆောင်ရွက်နိုင်တော့မည် ဖြစ်ပါသည်။ အဆိုပါစီမံချက်တွင် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ လုပ်ငန်းစဉ်များပါဝင်ပြီး နယ်ပယ်စုံ ကဏ္ဍစုံတွင် ပြန်လည်ထူထောင်နိုင်မည့် နည်းလမ်းများပါဝင်သည့်အတွက် မြန်မာနိုင်ငံ၏ COVID-19 ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းပြ မြေပုံအဖြစ် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
မူဝါဒများချမှတ်ရာတွင်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွန်အခများနှင့် အလုပ်လုပ်ကိုင်ခြင်းအတွက် ဝင်ငွေခွန်များ ပိုမိုကောက်ခံခြင်းကဲ့သို့သော မူဝါဒများကို ချမှတ်သွားမည်မဟုတ်ဘဲ လက်ရှိမြန်မာနိုင်ငံသားများ ရရှိခံစား လျက်ရှိသည့် လူမှုဖူလုံရေးဆိုင်ရာ ခံစားခွင့်များနှင့် စီးပွားရေးဆိုင်ရာ အခြေခံ ခံစားခွင့်များအား ထိခိုက်မှုမရှိသည့် မူဝါဒများကိုသာ ချမှတ်သွားမည် ဖြစ်ပါ သည်။
နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်စွာကျော်လွှားသွားမည်
ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကို တွန်းလှန်နိုင်ရန် ကြိုးပမ်းလျက် ရှိရာတွင် မြန်မာနိုင်ငံအနေဖြင့်လည်း တိကျသည့်စီမံချက်များချမှတ်၍ တွန်းလှန်သွားရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်များတွင် COVID-19 ကပ်ရောဂါကို တွန်းလှန်နိုင်ခြင်းမရှိပါက တစ်ကမ္ဘာလုံးအနေဖြင့် လည်း အဆိုပါစိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရမည် ဖြစ်ပါသည်။ COVID-19 ကပ်ရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတစ်နိုင်ငံချင်းအလိုက် စီမံချက်များ ချမှတ်လျက် တက်ကြွစွာဆောင်ရွက်၍ လတ်တလောအခက်အခဲ များကို ကျော်လွှားနိုင်သည့် အခြေအနေရှိသော်လည်း ရေရှည်တွင် နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တွန်းလှန်သွားမှ အောင်မြင်နိုင်မည်ဖြစ်ပါ သည်။
“ပြည်သူသာလျှင် အဓိက” ဆိုသည့်အတိုင်း ပြည်သူတို့၏ စုပေါင်း အင်အားဖြင့် ယခုကဲ့သို့သော အကျပ်အတည်းကာလတွင် ကူညီရိုင်းပင်းမှု၊ စာနာနားလည်မှုတို့ဖြင့် တစ်ဦး၏ အခက်အခဲများကို တစ်ဦးက ကူညီရင်း COVID-19 ကပ်ရောဂါကို မြန်မာနိုင်ငံအနေဖြင့် အောင်မြင်စွာ ကျော်လွှားနိုင် မည်ဟု ယုံကြည်ပါသည်။
(စာရေးသူမှာ ဦးသောင်းထွန်း၊ ပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဖြစ်ပါသည်။)

ဦးသောင်းထွန်း

 

 

စာရေးသူမှာ- ဦးသောင်းထွန်း၊ ပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဖြစ်ပါသည်။

 

 

 

မြန်မာ့အလင်း