စပါးစိုက်တောင်သူများ စိုက်ပျိုးနည်းစနစ်များမှန်ကန်စေရေး၊ စပါးပင်များ အောင်မြင်ဖြစ်ထွန်းစေရေးကွင်းဆင်း စစ်ဆေး 

ပင်လည်ဘူး ၁၆ ဇူလိုင်  

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူး မြို့နယ်တွင် စိုက်ပျိုးလျက်ရှိသော မိုးစပါးသီးနှံများစိုက်နည်းစနစ် မှန်ကန်စေရေး၊ ပျိုးပင်၊ စိုက်ပင်များ အောင်မြင် ဖြစ်ထွန်းစေရေးနှင့် ကျေးလက်ဒေသဖွံဖြိုးရေးလုပ်ငန်းများ မြင့်မားစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေဝင်းနိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်တို့သည် ဇူလိုင် ၁၅ ရက်က ဘက်စုံ အဆင့်မြင့်နည်း ပညာသုံး ပင်းကြိုင်းစံပြ ကျေးရွာလယ်ကွင်းများသို့ ကွင်းဆင်း သွားရောက်ပြီး မိုးစပါးစိုက်ပျိုးရန် မြစ်ရေတင်မှ ရေပေးနေမှု၊ စပါးမျိုးစေ့ ထုတ်ကွက်များ စိုက်ပျိုး ဆောင်ရွက်နေမှုနှင့် သိပ္ပံနည်းကျ စိုက်နည်းစနစ်စံပြကွက် စိုက်ပျိုးနေမှုများအား ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။   


ထို့နောက် မန္တံကျေးရွာ ဆင်းဧကရီ-၃ စပါးမျိုးစေ့ထုတ် ကွက်စိုက်ပျိုးနေမှု အခြေအနေများကိုလည်း ကွင်းဆင်းစစ်ဆေးခဲ့ကြကာ စပါးမျိုးစေ့ထုတ်ကွက်နှင့် စံပြကွက်စိုက်ပျိုးနေမှုအားအနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးနေသည့် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းတာဝန်ခံဝန်ထမ်းများအား စိုက်ပျိုးနည်းစနစ်များမှန်ကန်စေရေးနှင့် စနစ်တကျ ဖြစ်စေရေးအတွက် တောင်သူများအားနားလည်သဘောပေါက်အောင် ရှင်းလင်းဆွေးနွေးပညာပေး၍ စိုက်ကွင်းထဲ အထိလက်တွေ့သရုပ်ပြ အနီးကပ် ကြီးကြပ် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


မျိုးလွင်(ပင်လည်ဘူး)