စပေ့အိတ်စ်အာကာသယာဉ်ဒုံးပျံ ဒုတိယအကြိမ်ပျံသန်းစမ်းသပ်မှု မအောင်မြင်

တက္ကဆက်    နိုဝင်ဘာ   ၁၉

အမေရိကန် အာကာသ ကုမ္ပဏီဖြစ်သည့် စပေ့ အိတ်စ်က ထုတ်လုပ်သော လူလိုက်ပါခြင်းမရှိသည့် အာကာသယာဉ်စမ်းသပ်ပျံသန်းမှုမှာ  မအောင်မြင်ခဲ့ကြောင်း   သိရသည်။  လကမ္ဘာနှင့်    မားစ်ဂြိုဟ် တို့သို့ အာကာသယာဉ်မှူးများ သယ်ဆောင် ပေးနိုင်မည့်   Starship  ဟု အမည်ပေးထားသည့် အာကာသယာဉ်မှာ   တက္ကဆက်ပြည်နယ်တောင်ပိုင်း    လွှတ်တင်သည့်   နေရာမှ    ဒုတိယအကြိမ် စမ်းသပ်ပျံသန်းခဲ့ခြင်းဖြစ်သည်။

အရှည်မီတာ  ၁၂၀ ရှိသည့် အဆိုပါအာကာသယာဉ်မှာ လွှတ်တင်ပြီးနောက် သုံးမိနစ်ကြာသည်အထိ  အောင်အောင်မြင်မြင်  ပျံသန်းနိုင်ခဲ့သည်။ သို့သော်လည်း  ပို၍အရှိန်မြင့်မြင့်   ပျံတက်သွားသည့်အခါ အာကာသယာဉ်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရသည်။  ဒုတိယအဆင့်ကို ကျရှုံးသွားခြင်း     ဖြစ်နိုင်ကြောင်း  ကုမ္ပဏီက ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း Starship  ယာဉ် ပထမကြိမ် လွှတ်တင်ပျံသန်းမှုမှာ လေးမိနစ်အကြာတွင် ပေါက်ကွဲပျက်စီးသွားပြီးနောက် အဆင့်နှစ် ဆင့်ကြား  ဆက်စပ်သည့်အပိုင်းကို တိုးတက်မှုများ  ဖြစ်လာ စေရန်  ကုမ္ပဏီက  ကြိုးပမ်းခဲ့သည်။ အမေရိကန် အာကာသအေဂျင်စီဖြစ်သည့် နာဆာသည်   လပေါ်သို့ လူလိုက်ပါသည့်    ပရိုဂရမ်နှင့်ပတ်သက်၍  စပေ့အိတ်စ်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုထားရာ  Starship  ပရိုဂရမ်၏  အောင်မြင်မှုမှာ အရေးကြီးသည်။                      

အင်န်အိတ်ချ်ကေ