စပိန်နိုင်ငံဟာ ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် စတုတ္ထမြောက် သေဆုံးသူ အများဆုံးဖြစ်လာ

၂၉ ဒီဇင်ဘာ

 

 

စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူအရေအတွက်ဟာ ပြီးခဲ့တဲ့ သောကြာနေ့တွင် ၅၀,၀၀၀ ရှိသွားကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းအရ သိရပါတယ်။

 

 

စပိန်နိုင်ငံဟာ ဥရောပတွင် စတုတ္ထမြောက် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်လာပြီး အီတလီနိုင်ငံတွင် သေဆုံးသူ ၇၂,၃၇၀ ဦး၊  ဗြိတိန်တွင် ၇၁,၁၀၉ နဲ့ ပြင်သစ်တွင် ၆၃,၁၀၉ ဦး  တို့ရဲ့ နောက်မှာ စပိန်နိုင်ငံ ရှိနေတာကိုတွေ့ရပါတယ်။

 

 

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁,၈၇၉,၄၁၃ ဦးနဲ့ သေဆုံးသူ ၅၀,၁၂၂ ဦး ရှိကြောင်း နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရေး တားမြစ်ချက်တွေ တင်းတင်းကျပ်ကျပ် ချမှတ်ခဲ့ရာကနေ ဇွန်လကုန်ပိုင်းမှာ ရုပ်သိမ်းပြီးနောက် ပိုးကူးစက်သူအရေအတွက် များလာခဲ့တာဖြစ်ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းကို ထိန်းချုပ်ရန်အတွက် အောက်တိုဘာလကစပြီး နိုင်ငံမှာ ကျန်းမာရေးအရ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး အဲဒီအမိန့်ဟာ ၂၀၂၁ ခုနှစ် မေလ အထိ ကြာမြင့်မယ်လို့ သိရပါတယ်။

 

 

ရောဂါပိုးကူးစက်မှုထိန်းချုပ်ရန် ဒေသဆိုင်ရာအစိုးရအဖွဲ့တွေကနေ ညမထွက်ရအမိန့် ထုတ်ပြန်ပြီး လူစုဝေးမှုကိုလည်း ကန့်သတ်ထားပါတယ်။

 

 

ခရစ္စမတ် အကြိုနေ့မှာ  လူ ၁၀ ဦးသာ စုဝေးခွင့်ရှိခဲ့ပါတယ်။ နှစ်သစ်ကူးအကြိုနေ့တွင်လည်း အလားတူ စည်းမျဉ်းစည်းကမ်းက အသက်ဝင်မယ်လို့ ဆိုပါတယ်။

 

 

ဒီဇင်ဘာ ၂၇ ရက်မှာ ဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်ကို တခြား ဥရောပနိုင်ငံတွေ နည်းတူ စပိန်နိုင်ငံမှာ စတင်ခဲ့ကြောင်း သိရပါတယ်။

 

 

လူဦးရေ ၄၇ သန်းနေထိုင်တဲ့ စပိန်နိုင်ငံမှာ ၂၀၂၁ ခုနှစ် ဇွန်လတွင် ၁၅ သန်းကနေ သန်း ၂၀ ထိ  ကာကွယ်ဆေးထိုးနှံပေးရန် လျာထားကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP

mdn