စပါးတို့ ရှုံးနိမ့်ခဲ့ပြီး လီဗာပူးတို့ ပယ်နယ်တီနောက်ကျဂိုးနဲ့ အနိုင်ရခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ် (၈)

၆  အောက်တိုဘာ

အင်္ဂလန်ပရီမီယာလိဂ် ပွဲစဉ်(၈)မှ အစောဆုံးပွဲစဉ်အဖြစ် အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းက ဘရိုက်တန်နှင့် စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင် ဘရိုက်တန်အသင်းက သုံးဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ယင်းပွဲတွင် အိမ်ရှင် ဘရိုက်တန်အသင်းသည် ဧည့်သည် စပါးအသင်းကို ၄-၄-၂ ကစားကွက်ပုံစံဖြင့် ပွဲထွက်လာခဲ့ပြီး ပွဲချိန်သုံးမိနစ်အရောက်တွင် တိုက်စစ်မှူး မူပေးက ဘရိုက်တန်အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့သည်။

စပါးအသင်း၏ အဓိကဂိုးသမား ဟူဂိုလိုရစ် ဒဏ်ရာရရှိခဲ့၍ စပါးတို့ ဖိအားများခဲ့ပြီး ပွဲချိန် ၃၂ မိနစ်တွင် ဘရိုက်တန်း တိုက်စစ်မှူး ကွန်နိုလီက ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။ ဘရိုက်တန်အတွက် တတိယဂိုးကိုတော့ ပွဲချိန် ၆၅ မိနစ်တွင် ကွန်နိုလီကပင် သွင်းယူပေးခဲ့သည်။

စပါးအသင်းသည် ပရီမီယာလိဂ် အဝေးကွင်း လေးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ခြင်း ဖြစသည်။ ယနေ့ပွဲတွင် စပါးအသင်းသည် ဂိုးကန်သွင်းချက် ရှစ်ကြိမ်ရရှိခဲ့ကာ သုံးကြိမ်သာ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ ဘရိုက်တန်အသင်းကတော့ ၁၇ ကြိမ်အထိ ဂိုးကန်သွင်းခွင့်ရရှိခဲ့ပြီး ယခုလို သုံးဂိုးပြတ်အထိ သွင်းယူထားနိုင်ခဲ့တာကို တွေ့ရသည်။ စပါးအသင်းသည် ရမှတ် ၁၁ မှတ် ရရှိထားပြီး ဘရိုက်တန်အသင်းက ၉ မှတ် ရရှိထားသည်။

လီဗာပူးနှင့် လက်စတာပွဲစဉ်တွင် လီဗာပူးအသင်း နှစ်ဂိုး-တစ်ဂိုးဆိုသည့် ရလဒ်ဖြင့် နိုင်ပွဲရယူနိုင်ခဲ့သည်။ ယင်းပွဲစဉ်တွင် ပထမပိုင်းပွဲချိန်တွင် မာနေးက လီဗာပူးအသင်းအသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးထားနိုင်ခဲ့သည်။ မာနေးအနေဖြင့် ပရီမီယာလိဂ်ပွဲစဉ် ၁၀ဝ ပြည့်မြောက်ခဲ့ပြီး သွင်းဂိုး ၅၀ မြောက် ဂိုးကိုလည်း သွင်းယူထားနိုင်ခဲ့ခြင်း ဖြစ်သည်။

လက်စတာအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် မိနစ် ၈၀ အရောက်တွင် မတ်ဒီဆန်က သွင်းယူပေးထားနိုင်ခဲ့တာကြောင့် သရေရလဒ်ဖြစ်နေခဲ့သည်။ သို့သော် နာကျင်အချိန်ပိုအရောက်မှာတော့ မထင်မှတ်ပဲ လီဗာပူးအသင်း ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့သည်။ ရရှိလာသည့် ပယ်နယ်တီကို ဂျိမ်းစ်မီနာက အမှားအယွင်း ကန်သွင်းခဲ့ပြီး နောက်ကျ ပယ်နယ်တီဖြင့် လီဗာပူးတို့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ကာ အမှတ်ပေးဇယား ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နေသည်။

အခြားပွဲစဉ် ရလဒ်များအဖြစ် ဘန်လေက အဲဗာတန်ကို တစ်ဂိုး-ဂိုးမရှိ၊ ဗီလာက နော့ဝှစ်အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြပြီး ဝက်ဖို့စ်ဒ်နှင့်ရှက်ဖီးယူနိုက်တက်မှာ ဂိုးမရှိ သရေကျခဲ့သည်။

သီဟ