စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးက ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိဟု ရုရှားကျန်းမာရေးဝန်ကြီးဌာန ပြော

မော်စကို   ၁၀  နိုဝင်ဘာ

           

ရုရှားနိုင်ငံထုတ် စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးက ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များမှ အချက်အလက်များကို ကိုးကား၍ ပြောကြားလိုက်သည်။

           

စမ်းသပ်ဆဲ ကိုဗစ်-၁၉ ကာကွယ်ဆေးက ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိဟု ကာကွယ်ဆေးကုမ္ပဏီများဖြစ်သည့် Pfizer နှင့် BioNTech တို့က ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီးနောက် ရုရှား တာဝန်ရှိသူက ယခုကဲ့သို့ မှတ်ချက်စကား ပြောကြားခဲ့ခြင်းဖြစ်သည်။

           

ကာကွယ်ဆေးထိုးပြီးတဲ့ ပြည်သူတွေကြား စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးရဲ့ ထိရောက်မှုကို စောင့်ကြည့်ဖို့ ကျွန်တော်တို့ တာဝန်ရှိပါတယ် ဟု ကျန်းမာရေးဝန်ကြီးဌာန၊ သုတေသနအင်စတီကျု့၏ ညွှန်ကြားရေးမှူး အော့စညာဒရက်ကီနာက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။

           

လေ့လာစောင့်ကြည့်မှုတွေအရ စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးက ၉၀ ရာခိုင်နှုန်းကျော်ထိ ရောက်မှုရှိပါတယ်။ နောက်ထပ် ထိရောက်မှုရှိတဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေး ပေါ်လာတာ  လူတိုင်းအတွက် သတင်းကောင်းဖြစ်ပါတယ် ဟု ၄င်းက ပြောသည်။

           

ရုရှားနိုင်ငံ၌ ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၂၁၇၉၈ မှုအထိ စံချိန်တင် တွေ့ရှိခဲ့ရာ ဒေသအချို့၌ ဗိုင်းရပ်စ်ပျံ့နှံ့မှုထိန်းချုပ်ရေး ပိုမိုတင်းကြပ်သော အစီအမံများဆောင်ရွက်ရန် အာဏာပိုင်များက တောင်းဆိုခဲ့သည်။

           

နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လျက်ရှိသော ဒေသအချို့၌ တင်းကြပ်သော ကန့်သတ်ချက်များ သတ်မှတ်ရန်လိုအပ်ကြောင်း အစိုးရ တာဝန်ရှိသူများနှင့်ပြုလုပ်သည့် ရုပ်သံအစည်းအဝေးတစ်ခုအတွင်း ရုရှား စားသုံးသူများစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ အန်နာပိုပိုဗာက ဝန်ကြီးချုပ် မီခေးလ်မီရှူစတင်သို့ ပြောကြားခဲ့သည်။

           

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများမြင့်တက်လာမှု ထိန်းချုပ်ရန် တစ်နိုင်ငံလုံးအတိုင်းအတာ သွားလာမှုကန့်သတ်ချက် သတ်မှတ်ရန် အစီအစဉ်မရှိဘဲ လိုအပ်မှသာ တင်းကြပ်သော အစီအမံများ ချမှတ်မည်ဟု သမ္မတ ဗလာ ဒီမာပူတင်က ပြောကြားခဲ့ဖူးသည်။

 

ကိုးကား-CNA