စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ်စားပါ

၂၄ ဒီဇင်ဘာ

ဥအနှစ် (Egg yolk) ဆိုတာက ကြက်ဥ၊ ဘဲဥစတဲ့ ဥတွေရဲ့အလယ်ဗဟိုက အဝါရောင်အနှစ် အစုအဝေး လေးကို ဆိုလိုတာပါ။ ဥတစ်လုံးရဲ့ အတွင်းပိုင်းမှာ အဝါရောင်အနှစ်နဲ့ ကြည်လင်တဲ့ အကာရည်ဆိုပြီး အစိတ်အပိုင်း ၂ ခုပါဝင်ပါတယ်။ အရသာရှိသလို အာဟာရလည်းပြည့်ဝလွန်းတဲ့ အစိတ်အပိုင်းတွေပေါ့။

ဒီအစိတ်အပိုင်း ၂ ခုထဲကမှ အနှစ်ကတော့ ကိုလက်စထရောပါဝင်မှုမြင့်မားပေမယ့် ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေတဲ့နေရာပါ။ ဒါကြောင့်လည်း ကြက်ဥ၊ ဘဲဥအနှစ်တွေဟာ ကုန်ကျစရိတ်နည်းနည်းနဲ့ ကျန်းမာစေတဲ့ အစားအစာတွေလို့ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

ကြက်ဥ၊ ဘဲဥဆိုတဲ့အစားအစာတွေက ပြင်ဆင်ချက်ပြုတ်ရတာ လွယ်ကူပြီး နေရာစုံမှာအသုံးချနိုင်သလို ကိုယ်အလိုရှိတဲ့ ကျန်းမာရေး အကျိုးရလဒ်ရရှိအောင် စီမံရာမှာလည်း မခက်ခဲပါဘူး။ ဒီထဲကမှ အာဟာရ ဓာတ်အကြွယ်အဝဆုံးအပိုင်းကတော့ အဝါရောင်အနှစ်နေရာပါပဲ။ ဒီအချက်က ကြက်ဥ ဘဲဥတွေကို မှီဝဲစားသောက်ရင် အကာထက် အနှစ်ကိုပိုနှစ်ခြိုက်သူတွေအတွက်တော့ သတင်းကောင်းလို့ဆိုရမှာပါပဲ။

ဒီလိုညွှန်းဆိုရလောက်အောင် ဥအနှစ်တွေက ဘယ်လိုများ အာဟာရဓာတ်တွေကြွယ်ဝနေလို့လဲ၊ ကြက်ဥ ဘဲဥအနှစ်တွေက သင့်ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူဖြစ်စေမှာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

အာဟာရဓာတ်နဲ့ အကျိုးကျေးဇူးများ

ဥအနှစ်ဟာ ဥတွေရဲ့ အတွင်းဘက်က အာဟာရဓာတ်အကြွယ်ဝဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဥအနှစ်တွေမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ မျိုးစိတ်၊ ဥထုတ်လုပ်မှုပုံစံနဲ့ အရွယ်အစားတွေပေါ်မူတည်ပြီး အနည်းငယ်ကွဲပြားနိုင်ပေမယ့် ယျေဘုယျအားဖြင့်တော့ ပရိုတိန်း၊ အဆီနဲ့ ကယ်လိုရီကြွယ်ဝတာခြင်း တူကြပါတယ်။

ဥအနှစ်တွေထဲမှာ အဓိကအားဖြင့် အောက်ပါ အာဟာရဓာတ်တွေပါဝင်နေပါတယ်။

•           ကယ်လိုရီ၊

•           ပရိုတိန်း၊

•           အဆီ၊

•           ကိုလက်စထရော၊

•           ကာဘိုဟိုက်ဒြိတ်၊

•           သကြား၊

•           ဖိုက်ဘာ၊

•           ကယ်လ်ဆီယံ၊

•           သံဓာတ်၊

•           မဂ္ဂနီဆီယံ၊

•           ဖော့စဖောရပ်စ်၊

•           ပိုတက်ဆီယံ၊

•           ဆိုဒီယံ၊

•           သွပ်ဓာတ် (zinc) တို့ပါပဲ။

ဒါ့အပြင် ဥအနှစ်တွေထဲမှာ ဗီတာမင်ဓာတ်တွေ အမြောက်အများလည်းပါဝင်ပြီး အများစုကတော့ ရေနဲ့ အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်အမျိုးအစားတွေပါ။ လေ့လာချက်တွေအရတော့ ဘဲဥ၊ ငုံးဥ၊ မန်ဒါလီဥနဲ့ ကြက်ဆင်ဥတွေဟာ ကြက်ဥထက် အာဟာရဓာတ်တွေပိုကြွယ်ဝတယ်လို့ ဆိုထားပါတယ်။

နောက်ပြီး ဥအနှစ်ကို မှန်ကန်စွာ အသုံးချမယ်ဆိုရင် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ဦးမှာဖြစ်ပါတယ်။ ဒါတွေကတော့

•           ဥအနှစ်ဟာ အစာအိမ်ဆိုင်ရာ ဝေဒနာအတော်များများကို သက်သာလျော့ပါးစေနိုင်ပါတယ်။

•           အနှစ်နဲ့ အကာကို တွဲဖက်ပြီး ချိန်ညှိစားသုံးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်မယ့် ပရိုတိန်းတွေ၊ ကယ်လိုရီတွေနဲ့ အဆီတွေကို လိုအပ်သလို ထိမ်းချုပ်ဖြည့်တင်းလို့ရပါတယ်။

•           ကြက်ဥ၊ ဘဲဥဟာ ဗိုက်ပြည့်စေတဲ့ အာနိသင်ရှိပြီး ဒီလိုမျိုးအဓိကဖြစ်စေတာက အတွင်းက အနှစ်ကြောင့်ပါ။

•           ဥအမျိုးမျိုးထဲမှာပါဝင်တဲ့ ပရိုတိန်းပမာဏရဲ့ အများစုက အနှစ်ထဲမှာပါ။

•           ဥအနှစ်ထဲက ပရိုတိန်းထဲမှာပါဝင်တဲ့ Phosvitin ဟာ နာကျင်မှုဝေဒနာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။

•           ဥအနှစ်ထဲက Glycopeptides ဆိုတဲ့ ဒြပ်ပေါင်းကတော့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့ Macrophages cells တွေကို ထုတ်လုပ်ပေးပြီး ဒီ ဆဲလ်တွေက ရောဂါကူးစက်မှုကို တိုက်ထုတ်နိုင်ပါတယ်။

•           သွေးဖိအားကို လျော့ပါးစေပြီး သွေးတိုးရောဂါကို ထိမ်းချုပ်ပေးနိုင်သလို နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျော့ပါးစေတယ်။

•           Lutein နဲ့ Zeaxanthin တို့လို ဓာတ်တွေပါဝင်တာမို့ အမြင်အာရုံ ချို့ယွင်းမှုနဲ့ မျက်စိမှာတိမ်စွဲနိုင်ခြေကို လျော့ကျစေတယ်။

ဥအနှစ်နဲ့ အစာအဆိပ်သင့်မှု

ဥတွေနဲ့ ဥအနှစ်တွေဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတာမှန်ပေမယ့် တခါတစ်ရံမှာတော့ အစာအဆိပ်သင့်စေတာမျိုး ဖြစ်တတ်ပါတယ်။ အဖြစ်နည်းပေမယ့် မဖြစ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီအချက်က သတိထားရမယ့် အချက်ဖြစ်ပါတယ်။

ဥအစာအဆိပ်သင့်မှုဟာ ကလေးငယ်တွေနဲ့ ကိုယ်ခံအားစနစ်ကျဆင်းနေပြီဖြစ်တဲ့ အသက် ၆၅ နှစ်အထက်လူကြီးတွေမှာ အဖြစ်များပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ ဥတွေဟာ ဘက်တီးရီးယားတွယ်ညိနိုင်ခြေမြင့်မားတာကြောင့်လို့ ဆိုပါတယ်။

ဥအနှစ်တွေမှာ အာဟာရဓာတ် ပြည့်ဝစွာပါဝင်လာအောင်နဲ့ အစာအဆိပ်သင့်တာမျိုး မဖြစ်ရလေအောင် အောက်ပါအချက်တွေကို သတိထားဖို့ လိုအပ်ပါတယ်။

•           စိတ်ချရသူတွေဆီကသာ ဝယ်ယူဖို့၊

•           ဝယ်ယူထားတဲ့ ဥကို မချက်ပြုတ်ခင် သေချာသန့်စင်ဖို့၊

•           ကွဲနေတဲ့ ကြေနေတဲ့ ပေါက်နေတဲ့ ဥတွေကို စားသောက်ခြင်းက ရှောင်ကျဉ်ဖို့၊

•           ချက်ပြုတ်စားသောက်မှုမပြုလုပ်ခင်အချိန်အထိ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းဖို့၊

•           ကျက်အောင်ချက်ပြုတ်စားသောက်ဖို့ (ဘက်တီးရီးယား ပိုးကူးစက်မှုတွေဟာ အနှစ်နဲ့ အကာရည်တွေဆီကနေ အဓိကလာတာကြောင့်)

•           အနံ့ထွက်နေတာ ပုပ်သိုးနေတယ်လို့ ယူဆစရာမျိုးဖြစ်နေတဲ့ ဥတွေကို အသုံးမပြုဖို့၊

•           အစိမ်းအတိုင်း စားသောက်မှီဝဲတာမျိုးကို ရှောင်ကျဉ်ဖို့၊

စတဲ့ နည်းလမ်းတွေကို လိုက်နာပြီး မှီဝဲစားသုံးမယ်ဆိုရင် ဥအမျိုးမျိုးနဲ့ အနှစ်တွေကို စိတ်ချလက်ချ မှီဝဲစားသောက်နိုင်မှာ ဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့သလိုပဲ ဥအနှစ်ဟာ ကုန်ကျစရိတ်နည်းနည်းနဲ့ ကျန်းမာစေနိုင်တဲ့ အကျိုးကိုရစေနိုင်တာမို့ နေ့စဉ်မှီဝဲစားသောက်ပေးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ မှန်ကန်စွာ အသုံးချပြီး စနစ်တကျမှီဝဲနိုင်မယ်ဆိုရင် နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့ ဥအနှစ်တွေက အကောင်းဆုံး အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Ye Zon Aung