'' စရိုက် ''ရုပ်ရှင်ဇာတ်ကား မေ ၃၀ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည်

ရန်ကုန်  ၂၆   မေ 

 

အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ဇာတ်လမ်းမိုက်မိုက်(ပြည်)၊ ဇာတ်ညွန်း မိုးနီလွင်၊ ဒါရိုက်တာအကယ်ဒမီသြရသရိုက်ကူးသည့် '' စရိုက် '' ရုပ်ရှင်ဇာတ်ကား အထူးပွဲကိုမေ ၂၅ ရက် ညပိုင်းကရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံတွင် ပြသခဲ့သည်။

 

အဆိုပါ '' စရိုက် '' ရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီလူမင်း၊ ကျော်ထက်အောင်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်၊ အကယ်ဒမီခိုင်သင်းကြည်၊ ဒိန်းဒေါင်၊ မျိုးမျိုးခိုင် နှင့် နာမည်ကြီးသရုပ်ဆောင်များ ပါဝင်သရုပ် ဆောင်ထားသည်။

 

'' စရိုက်'' ရုပ်ရှင်ဇာတ်ကားတွင် ရပ်ကွက်ထဲ၌ ထီကနဲ့ဆိုရှေ့ဆုံးက ထဘီစွန်တောင်ဆွဲ ရန်ဖြစ်၊ လုံးထွေးနေကျ မုန့်ဟင်းခါးသည် တစ်ခုလပ်မလေး ''ဘဲဥမ" အဖြစ်အကယ်ဒမီ ခိုင်သင်းကြည်၊ ဘဲဥမကိုလိမ္မာယဉ်ကျေး၊ နုညံ့သိမ်မွေ့အောင် ဆုံးမ ချင်သည့်ဘေးချင်းကပ်အိမ်မှ ကျောင်းဆရာလူရိုးလူအေး၊ လူပျိုကြီး''ညိုထွန်းလူ"အဖြစ် အကယ်ဒမီ လူမင်း၊အိမ်တွင် ဖဲဝိုင်းအမြဲထောင်ပြီး သမီးဖြစ်သူမုန့်ဟင်းခါးသည် ဘဲဥမ၏ ပိုက်ဆပုံးထဲကနေပိုက်ဆံနှိုက်၊ ယောကျာ်းများနှင့်လုံးထွေးနေတတ်သော မုဆိုးမ မယဉ်လှအဖြစ်အကယ်ဒမီထွန်းအိန္ဒြာဗို၊အိုင်တွေ့လျှင် ခြေဝင်ဆေးတတ်ပြီး အပြော ကောင်းသလောက်ရှုပ်ပွေတတ်သူ၊ ကားစပယ်ယာငပွေး တင်မောင်ဝင်း အဖြစ် ကျော်ထက်အောင်တို့က အခြေခံလူတန်းစား ဘဝမျိုးစုံထဲက ထူးခြားသောစရိုက်ပုံစံ များအတိုင်း သဘာဝကျကျ သရုပ်ဆောင်ထားကြသည်။
အဆိုပါ'' စရိုက် '' ရုပ်ရှင်ဇာတ်ကားကို မေ ၃၀ ရက်နေ့မှ စတင်ကာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည် ဖြစ်သည်။

 

မင်းသစ်(MNA)