စတော်ဘယ်ရီ စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

နေပြည်တော် ဇန်နဝါရီ ၁၉

 

စတော်ဘယ်ရီပင်ကို သမပိုင်းဇုန်၌လည်းကောင်း၊ အပူပိုင်းဇုန်အတွင်းရှိ တောင်ကုန်းဒေသများ၌ လည်းကောင်း၊ စိုစွတ်သောမြေမျိုးနှင့် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၃၀၀၀ မှ ၆၀၀၀ အတွင်းရှိ မြေမျိုး၌လည်းကောင်း ပေါက်ရောက်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် စတော်ဘယ်ရီကို “ရှမ်းဆီးဟု ခေါ်တွင်ကြပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တို့တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြကြောင်း၊ တောင်ပေါ်ဒေသနေရာအများ အပြားတွင် တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်အထိ စိုက်ပျိုးလာကြပြီး ယခုအခါပျိုးပင်များကို ပုပ္ပားတောင်ခြေတစ်ဝိုက်တွင် နည်းစနစ်တကျ စမ်းသပ်စိုက်ပျိုး အောင်မြင်လျက်ရှိကြောင်း သိရသည်။

 

နေ့စဉ်ပုံမှန်ခူးဆွတ်

စတော်ဘယ်ရီပင်များကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဒေသသီးခေါ် အလုံးသေးအသီးများ သာမက ခပ်ပြားပြားသဏ္ဌာန်ရှိပြီး အရသာချဉ်သော ထိုင်ဝမ်သီးများနှင့် အလုံးကြီးပြီး ချိုသော ဂျပန်သီးများကိုလည်း စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးထွက်ရှိလာသော စတော်ဘယ်ရီသီးများကို အောက်တိုဘာလမှ စတင်ပြီး မေလအထိ ခူးဆွတ်ကြကြောင်း သိရသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်ပျမ်းမျှပိဿာ ၃၀၀၀ မှ ၄၀၀၀ ခန့်အထိ ထွက်ရှိပြီး စတင် ခူးဆွတ်ချိန်မှ ရက်ပေါင်း ၆၀ ခန့် နေ့စဉ်ပုံမှန်ခူးဆွတ်နိုင်သော်လည်း ငါးရက်တစ်ကြိမ်ခူးဆွတ်ပါက ပိုမိုကောင်းမွန်ကြောင်း သိရသည်။

 

ခူးဆွတ်ရရှိလာသောအသီးများကို တစ်ပိဿာ ကျပ် ၁၃၀၀၀ ခန့်၊ တစ်ကီလိုဂရမ် ကျပ် ၁၀၀၀၀ ခန့်ဖြင့် မန္တလေးမြို့သို့ အဓိကတင်ပို့ ရောင်းချပြီး ဒေသတွင်းရှိ စတော်ဘယ်ရီယိုလုပ်ငန်းများနှင့် မိရိုးဖလာ စတော်ဘယ်ရီဝိုင်စိမ်သော လုပ်ငန်းများသို့လည်း လက်လီ/လက်ကား ဈေးနှုန်းများဖြင့် ရောင်းချကြောင်း သိရသည်။

 

သတင်းစဉ်